Local News

ကုန်ကြမ်းရှားပါးမှုကြောင့် မြန်မာ့မျှစ်ခြောက် တရုတ်နိုင်ငံသို့ မပို့နိုင်

Last Updated:

မြန်မာနိုင်ငံက ထွက်ရှိတဲ့မျှစ်ခြောက်ကို တရုတ်နိုင်ငံက ဝယ်ယူလိုကြောင်း ကမ်းလှမ်းထားပေမယ့် ကုန်ကြမ်းရှားပါးမှုကြောင့် တင်ပို့နိုင်ခြင်းမရှိသေးကြောင်း မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း၊ မျှစ်လုပ်ငန်းအစုအဖွဲ့မှ သိရပါတယ်။ “တရုတ်ပြည်က ကမ်းလှမ်းတာ ရှိတယ်။ ဂျပန်နိုင်ငံက ရှိတယ်။ ပို့နိုင်တာကတော့ ဂျပန်နိုင်ငံပဲ ပို့နိုင်သေးတယ်”ဟု မျှစ်လုပ်ငန်းအစုအဖွဲ့မှ ဥက္ကဋ္ဌ ဒေါ်နန်းခင်အုန်းက အင်တာဗျူးတစ်ခုမှာ ပြောကြားထားပါတယ်။

ဂျပန်နိုင်ငံတစ်ခုတည်းကပဲ မြန်မာ့မျှစ်ခြောက်တန်ချိန် ၂၀၀ ခန့် ဝယ်ယူလိုကြောင်း အမှာရှိနေပေမယ့် ကုန်ကြမ်းရှားပါးမှုကြောင့် ဈေးကွက်လိုသလောက် တင်ပို့နိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။ “ဒီနှစ်က ကုန်က သိပ်မရတော့ သိပ်မပို့နိုင်ဘူး။ ကုန်ကြမ်းမရှိတာ”ဟု ဥက္ကဋ္ဌ ဒေါ်နန်းခင်အုန်းက ဆက်လက်ပြောကြားပါတယ်။ မျှစ်လုပ်ငန်းကို နေပြည်တော်အတွင်းက မြို့နယ်တွေမှာ အဓိကလုပ်ကိုင်ကြပြီး မျှစ်တွေကို အချဉ်ခံကာ ပါကင်ထုပ်ပိုးသည့်စနစ်နဲ့ လက်လီလက်ကား ဖြန့်ချိလျက်ရှိပါတယ်။ မျှစ်အစိုတစ်ပိဿာလျှင် ငွေကျပ် ၈၀၀ နှင့် ဝါးနုတစ်ပိဿာလျှင် ငွေကျပ် ၁၀၀၀ ခန့် ရရှိပြီး နေရာဒေသပေါ်မူတည်ကာ ဈေးနှုန်းကွာခြားမှုရှိပါတယ်။

ပျဉ်းမနားမြို့နယ်က လိလိမ်၊ လွှဲကြီး၊ ရေပြောင်းပြန်၊ ဂမုန်းတောင်၊ မြေမြိုတောင်၊ စောင်တောင်ကြီး၊ မဲပေါက်၊ ပင်ရဲဆို ဒေသတွေဟာ ဝါးတောများ ပေါများတဲ့ နေရာဖြစ်ပြီး မျှစ်အများဆုံး ထွက်ရှိရာ ဒေသလည်း ဖြစ်ပါတယ်။ လက်ရှိ ဈေးကွက်အတွင်းမှာ မျှစ်ခြောက် ၂၅ ကျပ်သား ၅၀၀၀ ကျပ်၊ ၅၀ သား ၈၅၀၀ ကျပ်၊ တစ်ပိဿာ ၁၆၀၀၀ ကျပ်အထိ ဈေးရရှိနေပြီး မျှစ်ချဉ် တစ်ပိဿာ ၄၅၀၀ ကျပ်၊ မျှစ်ချို တစ်ပိဿာ ၄၇၀၀ ဝန်းကျင် ပေါက်ဈေးရှိနေပါတယ်။ ပြည်တွင်းမှ ထွက်ရှိတဲ့ မျှစ်ခြောက်များကို ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်နဲ့ တရုတ်နိုင်ငံတို့မှ ဝယ်ယူလျက်ရှိပါတယ်။

Source: BETV Business 

Source: https://htwettoe.com

Category: Local News