Local News

လပွတ္တာမြို့နယ်တွင် နေလှန်းဆားများ အရောင်းအဝယ်ကောင်းနေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်တွင် ဒေသထွက်နေလှန်းဆားများ အရောင်းအဝယ်ကောင်းနေကြောင်း လပွတ္တာမြို့နယ်မှ ဆားထုတ်လုပ်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မာမာအေးက ပြောပြ၍ သိရသည်။ လပွတ္တာမြို့နယ်တွင် ဒေသထွက်နေလှန်းဆားများထွက်ရှိလျက်ရှိပြီး ဖေဖော်ဝါရီလ ပထမပတ်မှစတင်ကာ နေလှန်းဆားများအရောင်းအဝယ်‌ကောင်းလျက်ရှိကြောင်း၊ အဆိုပါ နေလှန်းဆားတစ်ရက်လျှင် ပိဿာချိန် ၆၀၀ မှ ၁၃၀၀ ထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

“နေလှန်းဆားဈေးက အရင်ထက်တော်တော်လေးအရောင်းအဝယ်ဖြစ်လာပါတယ်။ ပြည်တွင်းငါးပိတွေ၊ ငါး‌ခြောက်တွေ၊ ငံပြာရည်တွေလုပ်ကိုင်တဲ့ ရာသီဖြစ်လို့ အခုလိုဒေသထွက် ဆားအရောင်းအဝယ်ကောင်းလာတာပါ။ လက်ရှိအချိန်က ဒေသမှာ ဆားသစ်တွေစတင်ပေါ်နေချိန်ဖြစ်ပါတယ်။ အခုလို ဆားအရာင်းအဝယ်ကောင်းလာတော့ ဆားထုတ်လုပ်တဲ့လုပ်ငန်းနဲ့ ဆက်စပ်တဲ့သူတွေ အလုပ်အကိုင်အခွင့်အလမ်း ရရှိလာတာတွေ့ရတယ်။ ဒေသထွက် ဆားတွေကို ဆားဝယ်လက်တွေဆီရောင်းချနေရတဲ့အပြင် ရန်ကုန်ဈေးကွက်ကိုလဲ တင်ပို့ရောင်းချနေပါတယ်” ဟု လပွတ္တာမြို့နယ်မှ ဆားထုတ်လုပ်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မာမာအေးက ပြောပြသည်။

လပွတ္တာမြို့နယ်တွင် ဒေသထွက်နေလှန်းဆားများကို ဆားလုပ်ငန်းရှင်များက စနစ်တကျချက်လုပ်ပြီး ရန်ကုန်မြို့ကို အများဆုံးတင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါဒေသတွင် နေလှန်းဆားများကို ဒေသခံတစ်ဦးလျှင် ၁ ဧကမှ ၁၀ ဧကထိ လုပ်ကိုင်လျက်ရှိကြောင်း၊ ဒေသထွက်နေလှန်းဆားများကို ငါးပိ၊ ငါးခြောက်၊ ငံပြာရည် စသည့်လုပ်ငန်းများတွင် အဓိကအသုံးပြုကြကြောင်း ဒေါ်မာမာအေးက ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News