ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့်မတ်လအတွင်း တီလားဗီးယားငါး ပိဿာချိန် ၇၆၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဝါးခယ်မမြို့နယ်ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ခင်ခင်က ပြောပြ၍သိရသည်။ ဝါးခယ်မမြို့မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်းက တီလားဗီးယားငါး ပိဿာချိန် ၅၀၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ တီလားဗီးယားငါး ပိဿာချိန် ၇၆၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါဒေသတွင် ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များသည် ဒေသထွက်ရေထွက်ကုန်ပစ္စည်းများကို ဝယ်ယူပြီး စနစ်တကျသန့်စင်ကာ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ “ဒီဘက်က ရေထွက်ကုန်တွေကို ရန်ကန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချနေပါတယ်။ ရန်ကုန်ဈေးကွက်ကလဲ တီလားဗီးယားငါးတွေ ဝယ်ယူမှုအားကောင်းနေတာကြောင့် ပိဿာချိန်တော်တော်များများ တင်ပို့ရောင်းချခဲ့ရပါတယ်။ တီလားဗီးယားငါးတွေ တော်တော်များများ တင်ပို့ရောင်းချနေရတာကြောင့် ရေလုပ်ငန်းရှင်တွေနဲ့ ကုန်သည်တွေပါ အဆင်ပြေနေပါတယ်။ အခုလို ဝယ်ယူမှုအားကောင်းလာတာကြောင့် ငါးမွေးမြူသူတွေက အကောင်ရေထပ်တိုးမွေးမြူလာတာ တွေ့ရပါတယ်” ဟု ဝါးခယ်မမြို့နယ်ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ခင်ခင်က ပြောပြသည်။ ဝါးခယ်မမြို့နယ်တွင် မွေးမြူသည့် တီလားဗီးယားငါးနှင့် သဘာဝအတိုင်း ဖမ်းဆီးရရှိသည့်တီယားဗီးယားငါးများ ထွက်ရှိကြောင်း၊ အဆိုပါတီလားဗီးယားငါးသည် နှစ်လ သို့မဟုတ် သုံးလခန့်မွေးမြူရကြောင်း၊ ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေသည့် တီလားဗီးယားငါး တစ်ပိဿာလျှင် ငွေကျပ် ၁၂၅၀၀ ထိ ဈေးပေါက်နေကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ