Local News

ငပုတောမြို့နယ်မှ မအူပင်၊ ပုသိမ်၊ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလတွင် နေလှန်းဆားပိဿာချိန် ၃၅၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်မှ မအူပင်၊ ပုသိမ်၊ ရန်ကုန်ဈေးကွက်သို့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် နေလှန်းဆားပိဿာချိန် ၃၅၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ငပုတောမြို့နယ် နေလှန်းဆား ထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်ညိုမြင့်က ပြောပြ၍ သိရသည်။ ငပုတောမြို့နယ်မှ နေလှန်းဆားထုတ်လုပ်သည့် လုပ်ငန်းရှင်များသည် နေလှန်းဆားများကို အဆင့်ဆင့်စနစ်တကျထုတ်လုပ်ပြီး မအူပင်၊ ပုသိမ်၊ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

“ရန်ကုန်ဈေးကွက် အပါအဝင် မအူပင်၊ ပုသိမ်ဒေသတွေကို နေလှန်းဆားတွေ တင်ပို့ရောင်းချနေပါတယ်။ ဧရာဝတီတိုင်းဒေသကြီးက နေလှန်းဆားတွေကို ရန်ကုန်‌ဈေးကွက်က အဝယ်များနေပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာ အတော့ကို အဝယ်လိုက်ခဲ့ပါတယ်။ ပြည်တွင်း ငါးပိ၊ ငါးခြောက်ဈေးကွက်က ဆားတွေအဝယ်များနေလို့ ဆားတွေတင်ပို့ရောင်းချအားတက်ခဲ့တာပါ။ ဒေသထွက်နေလှန်းဆားတွေကို စနစ်တကျ ထုတ်လုပ်ပြီး တင်ပို့ရောင်းချပေးနေတာပါ” ဟု ငပုတောမြို့နယ် နေလှန်းဆားထုတ်လုပ်ရောင်းဝယ်ရေး လုပ်ငန်းရှင် ဒေါ်ညိုမြင့်က ပြောပြသည်။

ငပုတောမြို့နယ်မှ မအူပင်၊ ပုသိမ်၊ ရန်ကုန်ဈေးကွက်သို့တင်ပို့ရောင်းချခဲ့သည့် နေလှန်းဆားများပိဿာချိန် ၁၀၀ လျှင် ငွေကျပ် ၄၅၀၀၀ ထိ ဈေးပေါက်နေကြောင်း၊ နေလှန်းဆားများ အ‌ရောင်းအဝယ်ကောင်းလာသည့်အတွက် ဆားလုပ်ငန်းရှင်များ၊ ဆားလုပ်သားများအလုပ်အကိုင် အခွင့်အလမ်းများရရှိလာကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News