Local News

ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်ကို ပြီးခဲ့သည့်ဇန်နဝါရီလအတွင်း ငါးခြောက်အစုံ ပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့နိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့်ဇန်နဝါရီလအတွင်း ငါးခြောက်အစုံ ပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ်ငါးခြောက်မျိုးစုံ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းဝင်းမော်က ပြောပြ၍ သိရသည်။

ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ငါးခြောက်အစုံပိဿာချိန် ၅၄၀၀၀ သာတင်ပို့ရောင်းချနိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ ငါးခြောက်အစုံပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ ထိုသို့ တင်ပို့ရောင်းချနိုင်ခဲ့သည့် ငါးခြောက်အမျိုးအစားများသည် ငါးကွမ်းရှပ်(ငါးညို)ခြောက်၊ ငါးလိပ်ခြောက်၊ ငါးပြေမခြောက်၊ ငါးဖောင်ရိုးခြောက်၊ ငါးတံခွန်ခြောက်၊ အာပြဲခြောက် စသည့်ငါးခြောက်အမျိုးအစားများကို အများဆုံးတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“ဒေသကထွက်တဲ့ ပင်လယ်ငါးခြောက်အစုံကို စနစ်တကျထုတ်လုပ်ပြီး ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချနေပါတယ်။ ပင်လယ်ငါးခြောက်တွေကတော့ ပြည်တွင်းမှာကို စားသုံးသူများလို့ အဝယ်လိုက်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလ တစ်လအတွင်း ငါးခြောက်အစုံပိဿာချိန် ၈၅၀၀၀ ထိရောင်းချခဲ့ရပါတယ်။ ဒေသထွက်ငါးခြောက်ကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေလို့ တင်ပို့ရောင်းချအားတက်ခဲ့တာပါ။ လက်ရှိဖေဖော်ဝါရီလထဲမှာလဲ ငါးခြောက်တွေ အရောင်းအဝယ်သွက်နေပါတယ်” ဟု ဖျာပုံမြို့နယ်မှ ငါးခြောက်မျိုးစုံ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းဝင်းမော်က ပြောပြသည်။

အဆိုပါ တင်ပို့ရောင်းချခဲ့သည့်ငါးခြောက်ဈေးနှုန်းမှာ ငါးဖောင်ရိုးခြောက် တစ်ပိဿာလျှင် ငွေကျပ် ၂၇၅၀၀၊ ငါးကွမ်ရှပ်(ငါးညို)ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၅၅၀၀၀၊ ငါးပြေမခြောက် တစ်ပိဿာလျှင် ငွေကျပ် ၅၅၀၀၀၊ ငါးလိပ်ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၄၄၀၀၀၊ ငါးတံခွန်ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၃၇၀၀၀၊ အာပြဲခြောက် တစ်ပိဿာလျှင် ငွေကျပ် ၃၉၅၀၀ ဈေးပေါက်နေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News