တရုတ်ပြည်သူ့သမ္မတနိုင်ငံက ၎င်းနိုင်ငံအတွင်းသို့ . ပြည်ပမှတင်သွင်းလာသော စားသောက်ကုန်များ၏ ထုတ်လုပ်သူများအတွက် တရုတ်အကောက်ခွန်တွင် မှတ်ပုံတင်ရမည့် စည်းမျဉ်းများနှင့်စပ်လျဉ်း၍ ၂၀၂၅ ခုနှစ်၊ အောက်တို ဘာလ ၁၇ ရက်နေ့တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ လူ၊ တိရစ္ဆာန်နှင့် အပင်ဇီဝတို့၏ ကျန်းမာရေးဆိုင်ရာနည်းလမ်းများ ကျင့်သုံးရေးကော်မတီ (Committee on Sanitary and Phytosanitary Measures) သို့ G/SPS/N/CHN/ 1324/Add.1 ဖြင့်လည်းကောင်း၊ ကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးများဆိုင်ရာကော်မတီ (Committee on Technical Barriers to Trade) သို့ G/TBT/N/ CHN/1964/Add.1 ဖြင့်လည်းကောင်း အသီးသီးအသိပေးအကြောင်းကြားစာများ ပေးပို့ခဲ့သည်ကို တွေ့ရသည်။
အဆိုပါ အသိပေးအကြောင်းကြားစာများနှင့်အတူ ပေးပို့ထားသည့် အမိန့်အမှတ် ၂၈၀ အား တရုတ်ဘာသာဖြင့်လည်းကောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ဝက်ဘ်ပေ့ချ်မှ အလိုအလျောက်နည်းလမ်းဖြင့် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုချက်အားလည်းကောင်း ပူးတွဲတင်ပြထားပါသည်။
အဆိုပါအကြောင်းကြားစာတွင် အောက်ဖော်ပြပါအချက်များကို အဓိက ဖော်ပြထားတာသည်ကို တွေ့ရှိပါသည် -
(က) ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ အကောက်ခွန်အထွေထွေ အုပ်ချုပ်ရေးအဖွဲ့ (GACC) က ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ စတင် အသက်ဝင်မည့် "နိုင်ငံရပ်ခြား အစားအစာထုတ်လုပ်သူများ၏ အကောက်ခွန်မှတ်ပုံတင်ခြင်းဆိုင်ရာ စီမံခန့်ခွဲရေးပြဋ္ဌာန်းချက်များ" (အမိန့်အမှတ် ၂၈၀) ကို ထုတ်ပြန်ခဲ့ကြောင်း၊ ၎င်းပြဋ္ဌာန်းချက်များသည် ကုန်သွယ်မှုပံ့ပိုးကူညီမှုဆိုင်ရာ အခြေခံမူများကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းစဉ်းစားနေစဉ်တွင် အစားအသောက်ဘေးကင်းရေး ကြီးကြပ်မှုကို တိုးမြှင့်ပေးကြောင်း၊
( ခ) အပြည်ပြည်ဆိုင်ရာ အုပ်ချုပ်မှုစံနှုန်းများနှင့်အညီ GACC သည် အစားအစာဘေးကင်း ရေးစနစ်များကို အပြန်အလှန်အသိအမှတ်ပြုမှု (mutual recognition) ၊ အစားအစာ ချိတ်ဆက်မှုတို့ကို မြှင့်တင်ပေးပြီး နိုင်ငံများ (ဒေသများ) အကြား ကုန်သွယ်မှု လွယ်ကူ ချောမွေ့မှုကို မြှင့်တင်ပေးကြောင်း၊ တရုတ်နှင့် ကုန်သွယ်နေသည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ဝင်နိုင်ငံများသည် အသုတ်လိုက်မှတ်ပုံတင်ခြင်း (batch registration) နှင့် ထုတ်လုပ်သူ စာရင်းစီမံခန့်ခွဲမှု (Manufacturers list management) အတွက် လိုက်လျောညီထွေရှိသော အစီအမံများကို အကောင်အထည်ဖော်ရန် နှစ်ဦးနှစ်ဖက်သဘောတူနိုင်ပါကြောင်း၊
(ဂ) စွန့်စားမှုစီမံခန့်ခွဲမှုအခြေခံမူများအပေါ်အခြေခံ၍ ပြဋ္ဌာန်းချက်များသည် တင်ပို့သည့်နိုင်ငံ (ဒေသများ)၊ ထုတ်လုပ်သူနှင့် ထုတ်ကုန်များ၏ အန္တရာယ်အဆင့်များအလိုက် မတူညီသော မှတ်ပုံတင်နည်းလမ်းများ၊ အကဲဖြတ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စီမံခန့်ခွဲမှုလိုအပ် ချက်များကို ချမှတ်ပေးမည်ဖြစ်ကြောင်း၊ အစားအသောက်ထုတ်ကုန်များအတွက် မှတ်ပုံတင် ခြင်းစနစ်အား တရားဝင် အကြံပြုချက်မှ ကက်တလောက် အခြေပြု စီမံခန့်ခွဲမှုမူဘောင်သို့ အလျင်မပြတ် ချိန်ညှိမှုများ (dynamic adjustments) ဖြင့် ပြောင်းလဲထားကြောင်း၊ တင်းကျပ်ပြီး လက်တွေ့ကျသော စည်းမျဉ်းများကို ထိန်းသိမ်းထားလျက်၊ ပြဋ္ဌာန်းချက်များတွင် ပြန်လည်စစ်ဆေးခြင်း၊ ဆိုင်းငံ့ခြင်း၊ ပြုပြင်မွမ်းမံခြင်းနှင့် သက်တမ်းတိုးခြင်းအတွက် လုပ်ထုံး လုပ်နည်းများကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးကာ မှတ်ပုံတင်ခြင်းဆိုင်ရာ စီမံခန့်ခွဲမှုကို ပိုမိုလွယ်ကူချောမွေ့စေရန် အလိုအလျောက်သက်တမ်းတိုးယန္တရားတစ်ခုကို ပေါင်းစပ် ထည့်သွင်းထားကြောင်း၊
(ဃ) သက်ဆိုင်ရာ WTO TBT/SPS စည်းမျဉ်းများနှင့်အညီ GACC သည် ပြဋ္ဌာန်းချက် မူကြမ်းအား WTO သို့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ အကြောင်းကြားခဲ့ပြီး သက်ဆိုင်သူအသီးသီးထံမှ အကြံပြုချက်တောင်းခံပြီး ပေါင်းစပ်ထည့်သွင်းထားကြောင်း၊ ၉၅ ကြိမ်မြောက် WTO/TBT ကော်မတီအစည်းအဝေးတွင် တရုတ်ကိုယ်စား လှယ်များမှ ပြန်လည်ပြင်ဆင်မှုများကို တင်ပြခဲ့ကြကြောင်း၊ အတည်ပြုခြင်းနှင့် အကောင်အထည်ဖော်ခြင်း အချိန်ဇယားကို TBT/SPS သဘောတူညီချက်အတိုင်း တင်းတင်းကျပ်ကျပ် လိုက်နာပြီး အကူးအပြောင်းကာလ ခြောက်လထက် ပိုပေးကြောင်း၊ လက်ရှိအချိန်အထိ နိုင်ငံပေါင်း ၁၇၈ နိုင်ငံမှ စားသောက်ကုန်ထုတ်လုပ်သူပေါင်း ၉၃,၀၀၀ တို့က တရုတ်နိုင်ငံတွင် အောင်မြင်စွာ မှတ်ပုံတင်ထားပြီးဖြစ်ကြောင်း၊ မှတ်ပုံတင်ထားသော ကုန်ပစ္စည်းများမှ တင်သွင်းသော စားသောက်ကုန် ကုန်သွယ်မှုမှာ ထိခိုက်မှုမရှိကြောင်း၊
(င) GACC သည် နောက်ဆက်တွဲ အကောင်အထည်ဖော်မှုသတိပေးချက်များနှင့် လမ်းညွှန်ချက်များကို ထုတ်ပြန်မည်ဖြစ်ပြီး၊ ပြည်ပအစားအစာ ထုတ်လုပ်သူများအတွက် မှတ်ပုံတင်ခြင်း စီမံခန့်ခွဲမှုစနစ်အား ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်ကာ ပြဋ္ဌာန်းချက်များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်စေရန် နှစ်နိုင်ငံနှင့် ဘက်စုံလမ်းကြောင်းများမှတစ်ဆင့် မူဝါဒမြှင့်တင်ရေးနှင့် လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း၊ အကောင်အထည်ဖော်နေစဉ်အတွင်း နည်းပညာဆိုင်ရာစိန်ခေါ်မှုများ ကြုံတွေ့ပါက၊ အဖွဲ့ဝင်နိုင်ငံများသည် WTO SPS အမျိုးသား သတိပေးချက်နှင့် စုံစမ်းရေးစင်တာ (WTO SPS National Notification and Enquiry Center) မှတဆင့် GACC သို့ ဆက်သွယ်နိုင်ကြောင်း၊ GACC သည် သတ်မှတ် ထားသော မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ရည်ရွယ်ထားသော မူဝါဒကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုနှင့် လမ်းညွှန်ချက်များကို ပေးအပ်ရန် ကတိပြု ပါကြောင်း၊
အထက်တွင်ဖော်ပြပါ တရုတ်နိုင်ငံ၏ အသိပေးအကြောင်းကြားစာအရ HS code 02 ၊ 03 ၊ 04 ၊ 07 ၊ 08 ၊ 09 ၊ 10 ၊ 11 ၊ 12 ၊ 15 ၊ 16 ၊ 17 ၊ 18 ၊ 19 ၊ 20 ၊ 21 ၊ 22 နှင့် ICS code 67 တို့အပေါ် သက်ရောက်ကြောင်းနှင့် ၎င်း HS code များ၏ အောက်တွင် မြန်မာနိုင်ငံမှ တရုတ် နိင်ငံသို့ အဓိကတင်ပို့နေသော ပို့ကုန်ပစ္စည်းများ၏ အကောက်ခွန်လိုင်းများ လွှမ်းခြုံပါဝင်ကြောင်း တွေ့ရှိပါသည်။
တရုတ်နိုင်ငံမှ ပေးပို့လာသော အသိပေးအကြောင်းကြားစာများအရ အောက်ဖော်ပြ ပါအချက်များကို ညှိနှိုင်းဆောင်ရွက်နိုင်ကြောင်း တွေ့ရပါသည် -
(က) အစားအစာဘေးကင်းရေးစနစ်များကို အပြန်အလှန်အသိအမှတ်ပြုမှု (mutual recognition) ဆောင်ရွက်နိုင်ခြင်း၊
(ခ) အသုတ်လိုက်မှတ်ပုံတင်ခြင်း (batch registration)နှင့် ထုတ်လုပ်သူ စာရင်းစီမံခန့်ခွဲမှု (Manufacturers list management) အတွက် လိုက်လျောညီထွေရှိသော အစီအမံများကို အကောင်အထည်ဖော်ရန် နှစ်ဦးနှစ်ဖက်သဘောတူနိုင်ရန် ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း၊
( ဂ) ပြဋ္ဌာန်းချက်များကို ထိရောက်စွာအကောင်အထည်ဖော်နိုင်စေရန် နှစ်နိုင်ငံနှင့် ဘက်စုံလမ်းကြောင်းများမှတစ်ဆင့် မူဝါဒမြှင့်တင်ရေးနှင့် လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ခြင်း၊
(ဃ) အကောင်အထည်ဖော်နေစဉ်အတွင်း နည်းပညာဆိုင်ရာစိန်ခေါ်မှုများ ကြုံတွေ့ပါက၊ အဖွဲ့ဝင်နိုင်ငံများက WTO SPS အမျိုးသား သတိပေးချက်နှင့် စုံစမ်းရေးစင်တာ (WTO SPS National Notification and Enquiry Center) မှတဆင့် GACC သို့ ဆက်သွယ်နိုင်ခြင်း။
တရုတ်နိုင်ငံမှ အသိပေးအကြောင်းကြားစာများအရ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စားသောက်ကုန် ထုတ်လုပ်တင်ပို့နေသူများနှင့် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများအနေဖြင့် တရုတ်နိုင်ငံ၏ "နိုင်ငံရပ်ခြား အစားအစာထုတ်လုပ်သူများ၏ အကောက်ခွန်မှတ်ပုံတင်ခြင်းဆိုင်ရာ စီမံခန့်ခွဲရေးပြဋ္ဌာန်းချက်များ" နှင့်အညီ အကောင်အထည်ဖော်ရာတွင် အဆင်ပြေမှုရှိ၊ မရှိဟူသည်ကို ဆန်းစစ်ရန် လိုအပ်မည် ဖြစ်ပါသည်။ နှစ်နိုင်ငံအကြား အပြန်အလှန် အသိ အမှတ်ပြုမှုရရှိနိုင်ရန် ညှိနှိုင်းဆောင်ရွက်လိုသည်များနှင့် နည်းပညာဆိုင်ရာ အကူအညီများ လိုအပ်ပါက WTO SPS အမျိုးသားသတိပေးချက်နှင့် စုံစမ်းရေးစင်တာ (WTO SPS National Notification and Enquiry Center) [email protected] (Tel : + (8610) 5795 4645, + (86 10) 5795 4642 တို့မှတဆင့် GACC သို့ ဆက်သွယ်နိုင်ပါကြောင်း သတင်းရရှိပါသည်။
Source: ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ ဂျီနီဗာမြို့