Local News

ဆိပ်ဖြူမြို့နယ်၌ (မိုး)ကြက်သွန်နီဥစိုက်များ စိုက်ပျိုးထားရှိမှု

Last Updated:

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြရာ စိုက်ပျိုးရေးလုပ်ငန်းအနေဖြင့် ကြက်သွန်နီသီးနှံကို အဓိကထား၍ စိုက်ဧကအများဆုံး စိုက်ပျိုးကြပြီး မိုးစိုက်နှင့် ဆောင်းစိုက်ဟူ၍ နှစ်စဉ်စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် မိုးနှောင်းရာသီဖြစ်သော အောက်တိုဘာလမှစ၍ နိုဝင်ဘာလလယ်အထိ ကြက်သွန်နီ (ဥ) စိုက်များကို ဆိပ်ဖြူမြို့၏ ဧရာဝတီမြစ်နှင့် ယောချောင်းဆုံရာ မြစ်ရိုးတစ်လျှောက်ရှိ မြို့ပေါ် (၄) ရပ်ကွက်နှင့် ကိုးထောင့်အုပ်စု၊ ကမ္ဘားကြီးအုပ်စု၊ ချင်တောင်အုပ်စု၊ အောက်ဆိပ်အုပ်စု၊ မြင်ကဝအုပ်စုရှိ ကျေးရွာများမှ မြစ်ရေဝင်ကိုင်းကျွန်းမြေများတွင် အများဆုံး စိုက်ပျိုးကြောင်းသိရသည်။

လက်ရှိအချိန်၌ နွေကြက်သွန်နီ (ပင်စိုက်) များ ရောင်းဝယ်ချိန် ရာသီကုန်ဆုံးခါနီးတွင် ကြက်သွန်နီဈေးနှုန်းများ မြင့်တက်လာသဖြင့် ကြက်သွန်နီစိုက်ပျိုးသည့် ဒေသခံတောင်သူများမှာ ယခင်နှစ်ထက် ကြက်သွန်နီစိုက်ပျိုးမှု ပိုမိုများလာသည့်အတွက် စိုက်ဧကများပြားလာကြောင်း၊ စိုက်ပျိုးသည့် မျိုးဥအနေဖြင့် အရည်အသွေးကောင်းမွန်၍ အထားခံသည့် အခွံထူ ရွှေဖလား (ထိပ်မောက်) မျိုး၊ ကျမ်းကျွံနှင့်ဇော်မွှားမျိုးများကို စိုက်ပျိုးကြကြောင်း၊ ကြက်သွန်နီမျိုးဥ စိုက်ပျိုးမှု စရိတ်မှာသိန်း(၃၀) ကျပ်ကုန်ကျပြီး ရာသီဥတုကောင်းမွန်၍ အထွက်နှုန်းကောင်းမွန်ပါကကြက်သွန်နီ စိုက်ပျိုးတောင်သူများအနေဖြင့် အကျိုးအမြတ်များစွာရရှိရန် မျှော်လင့်ကြောင်း၊ လက်ရှိအချိန်၌ ဆိပ်ဖြူမြို့နယ်တွင် ကြက်သွန်နီဥစိုက်များ စိုက်ပျိုးထားရှိကြောင်း သိရသည်။

Source: DOCA (မကွေး )

Source: https://commerce.gov.mm

Category: Local News