Local News

မြစ်ဝကျွန်းပေါ် ပင်လယ်ကမ်းခြေဒေသများ၏ ယခုပင်လယ်ရေလုပ်ငန်း ရာသီဦးတွင် ငါးတံခွန်ခြောက်များ အရောင်းအဝယ်ကောင်း

Last Updated:

မြစ်ဝကျွန်းပေါ်ပင်လယ်ကမ်းခြေဒေသများ၏ ယခုပင်လယ်ရေလုပ်ငန်း ရာသီဦးတွင် ငါးတံခွန်ခြောက်များ အ‌ရောင်းအဝယ်ကောင်းနေကြောင်း ဘိုကလေးမြို့နယ် ပင်လယ်ကမ်းခြေဒေသရှိ ကဒုံကနီကျေးရွာမှ စန္ဒားငါးဖမ်းလုပ်ငန်းပိုင်ရှင် ဦးကျော်ဝင်းက ပြောပြ၍ သိရသည်။

မြစ်ဝကျွန်းပေါ်ပင်လယ်ကမ်းခြေအဒေသရှိ အမာမြို့နယ် အရှေ့ဖျား၊ ဂယက်ကြီး၊ ထောင်ကြီးတန်းကျေးရွာများ၊ ဖျာပုံမြို့နယ် ကုလားထပ်၊ နောက်မီး၊ အလံတိုင်၊ ဖိုးဦးသောင်ကျေးရွာများနှင့် ဘိုကလေးမြို့နယ် ကဒုံကနီ၊ တောင်သာ၊ ပဒဲကော၊ အေရာ စသည့်ကျေးရွာများရှိ ပင်လယ်ရေလုပ်ငန်းများသည် အောက်တိုဘာလဆန်းမှစတင်ကာ ယခု ပင်လယ်ရေလုပ်ငန်းရာသီကို စတင်လုပ်ကိုင် ဆောင်ရွက်ခဲ့ကြကြောင်း၊ ထို့ကြောင့် အောက်တိုဘာလတွင် ဖျာပုံမြို့နယ်မှ ငါးတံခွန်ခြောက်ပိဿာချိန် ၅၀၀၀ ခန့်ဖြင့် အများဆုံးတင်ပို့ရောင်းချခဲ့ပြီး ဘိုကလေးမြို့နယ်နှင့် အမာမြို့နယ်မှ  ငါးတံခွန်ခြောက်ပိဿာချိန် ၃၀၀၀ ခန့်စီ တင်ပို့ရောင်းချပေးခဲ့ကြောင်း ဒေသတွင်းငါးခြောက်အဝယ်ဒိုင်ပိုင်ရှင်၏ ပြောပြချက်အရ သိရသည်။

ယခုနှစ် ပင်လယ်ရေလုပ်ငန်းရာသီတွင် အဆိုပါဒေသများမှ ထွက်ရှိလာသည့် ရေထွက်ကုန်ပစ္စည်းများတွင် ငါးတံခွန်ခြောက်များ အရောင်းအဝယ်ကောင်းနေကြောင်း၊ အဆိုပါငါးတံခွန်များကို ယခင်က ငါးပိအဖြစ်သာ ပြုလုပ်ရောင်းချနေကြသော်လည်း ယခုအခါ ငါးခြောက်အဖြစ် ပြုလုပ်ရောင်းချလာခြင်းဖြစ်ကြောင်း၊ ငါးတံခွန်ခြောက်များသည် အခြားငါးခြောက်များထက် ဈေးနှုန်းသက်သာမှုရှိပြီး အရသာရှိနေသဖြင့် အခြေခံလူတန်းစား၊ လူလတ်တန်းစာများ၏ ဝယ်ယူစားသုံးမှုမြင့်တက်နေသဖြင့် ဈေးကွက်ကျယ်ပြန့်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အရွယ်အစားကြီးသည့် ငါးတံခွန်များကို ကျောမှခွဲ၍ နေလှန်းကာခွဲခြောက်ပြုလုပ်ပြီး အရွယ်အစားငယ်သည့် ငါးတံခွန်များကို အကောင်လိုက်နေလှန်း၍ လုံးခြောက်အဖြစ်လည်း ထုတ်လုပ်ကြကြောင်း၊ ငါးတံခွန်ခွဲခြောက် တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀၀ မှ ၂၅၀၀၀၊ ငါးတံခွန်လုံးခြောက် တစ်ပိဿာလျှင် ငွေကျပ် ၁၂၀၀၀ မှ ၁၄၀၀၀ ဈေးနှုန်းရှိနေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News