International News

အထည်ချုပ်ပို့ကုန်ဈေးကွက်တွင် ဗီယက်နမ်၏ လက်ဦးမှုကြောင့် ဖိအားများနှင့် ရင်ဆိုင်နေရသော ဘင်္ဂလားဒေ့ရှ်

Last Updated:

ဘင်္ဂလားဒေ့ရှ် ပို့ကုန်စီးပွားရေးတွင် အဓိကပါဝင်သော အသင့်ဝတ် (Ready-made) အထည်ချုပ်ကဏ္ဍသည် ကမ္ဘာ့ကုန်သွယ်မှု အပြောင်းအလဲများနှင့် အနီးကပ်ဆုံးပြိုင်ဘက် ဗီယက်နမ်၏ ဈေးကွက်လက်ဦးမှုတို့ကြောင့် လာမည့်နှစ်များတွင် ဖိအားများနှင့် တွေ့ကြုံရမည်ဖြစ်သည်။

တရုတ်၊ ဘင်္ဂလားဒေ့ရှ်နှင့် ဗီယက်နမ်တို့သည် ကမ္ဘာ့အထည်ချုပ်တင်ပို့မှုတွင် ပထမ၊ ဒုတိယနှင့်  တတိယနေရာများ၌ လေးနှစ်ကြာရပ်တည်ခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ်သည် ဥရောပဈေးကွက်ကို ချုပ်ကိုင်ထားကာ ဗီယက်နမ်က အမေရိကန်ဈေးကွက်ကို ချုပ်ကိုင်ထားသောကြောင့် ကမ္ဘာ့အထည်ချုပ်ကဏ္ဍတွင် အင်အားယှဉ်ပြိုင်မှုများ ပေါ်ပေါက်လာရခြင်းဖြစ်ပါသည်။

ဘင်္ဂလားဒေ့ရှ် ပို့ကုန်ဝင်ငွေစုစုပေါင်း၏ ၅၀ % ကျော်မှာ ဥရောပဈေးကွက်မှဖြစ်ပြီး Eurostat ၏ အချက်အလက်များအရ ပြီးခဲ့သည့်နှစ်က ဘင်္ဂလားဒေ့ရှ်မှ ဥရောပသမဂ္ဂသို့ အထည်ချုပ်ပို့ကုန်သည် ၂၀.၇၈ % မှ ၂၁.၅၇ % သို့ မြင့်တက်ခဲ့ကြောင်း၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၈.၃ ဘီလီယံမှ ၁၉.၄ ဘီလီယံသို့ မြင့်တက်ခဲ့ကြောင်း၊ ဥရောပသမဂ္ဂသို့ ဘင်္ဂလားဒေ့ရှ်၏ အထည်ချုပ်ပို့ကုန်သည် ၅ နှစ်အတွင်း ပုံမှန်တိုးတက်လာခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ 

ပြီးခဲ့သည့်နှစ်က ဥရောပသမဂ္ဂဈေးကွက်သို့ ဗီယက်နမ်အထည်ချုပ်တင်ပို့မှုသည် ဈေးကွက်ဝေစု၏ ၄.၈၆ % ၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄.၄ ဘီလီယံနီးပါးသာ ရှိသော်လည်း တဖြည်းဖြည်း ခြင်းတိုးတက်နေကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်၏ ဈေးကွက်ဝေစုမှာ ၄.၅၃ % သာရှိကြောင်း၊ တရုတ်က ဥရောပသမဂ္ဂအထည်ချုပ်ဈေးကွက်တွင် ၂၉.၅၄ % ဖြင့် ဦးဆောင်နေပြီး၊ ဘင်္ဂလားဒေ့ရှ်က ၂၁.၅၇% ဖြင့် ဒုတိယ၊ တူရကီက ၉.၂၇ % ခန့်ဖြင့် တတိယ၊ အိန္ဒိယနှင့် ကမ္ဘောဒီးယားတို့က ၅ % ဖြင့် စတုတ္ထနှင့် ပဉ္စမ၊ ဗီယက်နမ်က ဆဋ္ဌမနေရာတွင် အသီးသီး ရပ်တည်နေကြောင်း သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်သည် ဥရောပသမဂ္ဂ ဈေးကွက်တွင် နေရာအခိုင်အမာရရှိထားခြင်းမှာ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများအတွက် ဥရောပသမဂ္ဂမှ ပေးအပ်သည့် Everything But Arms-EBA အခွင့်အရေးအရ အခွန်ကင်းလွတ်ခွင့်ကြောင့်ဖြစ်ပြီး နိုင်ငံတကာဈေးကွက်တွင်လည်း ဈေးနှုန်းယှဉ်ပြိုင်နိုင်စွမ်းကို ထိန်းသိမ်း နိုင်ခဲ့ကြောင်း၊ သို့သော် ၂၀၁၉ ခုနှစ်တွင် ဗီယက်နမ်က ဥရောပသမဂ္ဂနှင့် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် (FTA) ကိုချုပ်ဆိုလိုက်ရာ လာမည့်နှစ်မှစ၍ ဗီယက်နမ်ကုန်ပစ္စည်း ၇၁ % ခန့်သည် ဥရောပသမဂ္ဂသို့ အခွန်ကင်းလွတ်ခွင့်ရပြီး၊ ကျန်ထုတ်ကုန်များကို အခွန်နှုန်း ၄ % မှ ၆ % အတွင်းသာ ကောက်ခံကာ တဖြည်းဖြည်းခြင်းလည်း လျှော့ချသွားမည်ဖြစ်ကြောင်း၊ သဘောတူစာချုပ်ကို အပြည့်အဝ အကောင်အထည်ဖော်ပါက ဥရောပတွင် ဗီယက်နမ်၏ ယှဉ်ပြိုင်နိုင်စွမ်း သိသိသာသာ အားကောင်းလာပြီး ဘင်္ဂလားဒေ့ရှ်၏ ဈေးနှုန်းအားသာချက်ကို ကျော်ဖြတ်သွားမည်ဖြစ်ကြောင်း၊ အလားတူ အိန္ဒိယကလည်း ဥရောပသမဂ္ဂနှင့် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်ကို အကောင်အထည်ဖော်ပါက အထည်ချုပ်နှင့် သားရေထုတ်ကုန်များအပါအဝင် အိန္ဒိယပို့ကုန်အမျိုးမျိုးကို အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့နိုင်ပြီး ဈေးကွက်ယှဉ်ပြိုင်မှုမှာ ပိုမိုပြင်းထန်လာနိုင်ကြောင်း သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်က ဥရောပကို စိုးမိုးနေချိန်တွင် ဗီယက်နမ်က အမေရိကန်သို့ အဝတ်အထည်တင်ပို့မှုတွင် ဘင်္ဂလားဒေ့ရှ်ထက် နှစ်ဆခန့် ပိုမိုကြောင်း၊ အမေရိကန်ချည်မျှင်၊ အထည်အလိပ်နှင့် အဝတ်အထည်ရုံး (OTEXA) ၏ စာရင်းဇယားများအရ ၂၀၂၅ ခုနှစ်တွင် အမေရိကန်သို့ ဘင်္ဂလားဒေ့ရှ်မှ အဝတ်အထည် တင်သွင်းမှုသည် ဈေးကွက်ဝေစု၏ ၁၀.၅၃ % ၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၈.၂ ဘီလီယံရှိပြီး၊ ဗီယက်နမ်က ဈေးကွက်ဝေစု၏ ၂၁.၅ % ၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆.၇ ဘီလီယံ အထိ တင်ပို့ခဲ့ကြောင်း သိရပါသည်။

ဗီယက်နမ်ထုတ်လုပ်သူများသည် တန်ဖိုးမြှင့်ထုတ်ကုန် (higher value-added) နှင့် ဖက်ရှင်ဒီဇိုင်းကို ဦးစားပေးသည့် အဝတ်အထည်များကို ထုတ်လုပ်ခြင်းကြောင့် ပို့ကုန်ပမာဏနည်းပါးသော်လည်း ဈေးကွက်အတွင်း ဈေးကောင်းရရှိနေကြောင်း ဘင်္ဂလားဒေ့ရှ်၊ အထည်ချုပ်ထုတ်လုပ်သူများနှင့် တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ Mahmood Hasan Khan ၏ ပြောကြားခဲ့သည်။ ထို့ပြင် ဗီယက်နမ်၏ တရုတ်နှင့် နယ်နိမိတ်ချင်းထိစပ်နေမှုသည် ကုန်ကြမ်းများကို ကုန်ကျစရိတ်သက်သာစွာ ဖြင့် လျင်လျင်မြန်မြန်ရရှိကာ ထုတ်လုပ်မှုကြာမြင့်ချိန်နှင့် သယ်ယူပို့ဆောင်စရိတ်များကို လျှော့ချနိုင် ကြောင်း၊ ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်မှု ပိုမိုပြင်းထန်လာသည်နှင့်အမျှ ဘင်္ဂလားဒေ့ရှ်အနေဖြင့် ကမ္ဘာ့အထည်ချုပ်ကဏ္ဍတွင် ၎င်း၏နေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ထုတ်ကုန်များ၏ တန်ဖိုးမြှင့်တင်မှု (Value Addition) နှင့် ထောက်ပံ့ပို့ဆောင်မှုကွင်းဆက် (Supply Chain) ကို မြှင့်တင်ရန် လိုအပ်ကြောင်း pressenza နိုင်ငံတကာသတင်းဌာနက ဖော်ပြထားပါသည်။

Category: International News