Local News

ကုလားပဲဈေးကွက်ကောင်းနေပြီး ဝယ်လိုအားလည်းရှိနေ

Last Updated:

ကုလားပဲဈေးကွက်ကောင်းနေပြီး ဝယ်လိုအားလည်းရှိနေကြောင်း ပဲအမျိုးမျိုးရောင်းဝယ်ရေးအသိုင်းအဝိုင်းမှ သိရသည်။ လက်ရှိတွင် ကုလားပဲ တစ်အိတ်ဈေးနှုန်းမှာ ကျပ် သုံးသိန်းခန့်ဈေးပေါက်လျက်ရှိပြီး ပဲကြိတ်သူများက ဝယ်ယူသည့်အတွက် ကုလားပဲအဝယ်လိုက်ကြောင်း သိရသည်။

“ကုလားပဲက ခုဆိုတစ်အိတ်ကို ကျပ် သုံးသိန်း ပတ်ချာလည်လောက်ရှိတယ်။ ပဲကြိတ်တဲ့သူတွေ ဝယ်ကြတယ်။ ပြည်ပဈေးကွက် အဲဒီလောက်မရှိပေမယ့် ပြည်တွင်းဈေးကွက်ရှိတယ်။ ပုံမှန်ရှိတယ်။ ပုံမှန်လေးပဲသွားတယ်။ အရင်ကထက်စာရင်တော့ ဈေးနည်းနည်းတက်သွားတယ်။ တစ်အိတ်ကို ကျပ် တစ်သောင်း နှစ်သောင်းပတ်ချာလည်လောက်တက်တယ်။ ဝယ်လိုအားလည်းရှိတယ်” ဟု ပဲအမျိုးမျိုးရောင်းဝယ်ရေးအသိုင်းအဝိုင်းမှ ကုန်သည်တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က ကုလားပဲစိုက်တောင်သူများအနေဖြင့် ကုလားပဲစိုက်ပျိုးရာတွင် အမြစ်ပိုးစွဲမှုနည်းပါးခြင်း၊ မှိုကပ်ရောဂါနည်းပါးခြင်းတို့ကြောင့် အပင်အသေအပျောက်နည်းပါးကာ အထွက်နှုန်းကောင်းမွန်၍ အကျိုးအမြတ်ရရှိကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီလ ပထမပတ်အတွင်း၌ မတ်ပဲနှင့် ပဲစင်းငုံနီဈေးများ မြင့်တက်လာသော်လည်း ပြောင်းဆန်နှင့် ကုလားပဲဈေးများငြိမ်နေခဲ့ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်၏ မှတ်တမ်းများအရ သိရသည်။ လက်ရှိတွင် ကုလားပဲခြမ်း တစ်ပိဿာကို ငွေကျပ် ၆၁၅၀ မှ ၆၄၅၀၊ ကုလားပဲဖြူလုံးအသေး တစ်ပိဿာကို ငွေကျပ် ၄၈၃၀ မှ ၄၉၂၀၊ ကုလားပဲဖြူလုံးအကြီး တစ်ပိဿာကို ငွေကျပ် ၄၉၆၅ မှ ၅၀၅၀ ဝန်းကျင် ဈေးပေါက်နေကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်၏ မှတ်တမ်းများအရ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News