International News

ဘင်္ဂလားဒေ့ရှ်နိုင်ငံက အိန္ဒိယနိုင်ငံနှင့် ရူပီးဖြင့် ကုန်သွယ်မှုပြုမည့် ၁၉ ခုမြောက် နိုင်ငံဖြစ်လာ

Last Updated:

     အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်မှုတွင် ကန်ဒေါ်လာ မသုံးစွဲတော့ဘဲ ရူပီးဖြင့် လုပ်ကိုင်ရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဆုံးဖြတ်ခဲ့ပါသည်။ နိုင်ငံခြားသုံးငွေ အရန်ငွေတွင် ‌ကန်ဒေါ်လာ နည်းပါးနေချိန်တွင် ဘင်္ဂလားဒေ့ရှ်   နိုင်ငံက ကန်ဒေါ်လာအစား ရူပီးသုံးစွဲခြင်းဖြင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုကို မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် ရူပီးဖြင့် ကုန်သွယ်မှုပြုမည့် ၁၉ ခုမြောက် နိုင်ငံဖြစ်လာပါသည်။

     နှစ်နိုင်ငံစလုံးသည် ကန်ဒေါ်လာကို စွန့်လွှတ်ရန်နှင့် အရောင်းအဝယ် ငွေပေးချေ ရှင်းလင်းရန် အတွက် ၎င်းတို့၏ ပြည်တွင်းငွေကြေးများကို အသုံးပြုရန် လအတော်ကြာ ဆွေးနွေးခဲ့ကြပါသည်။ အိန္ဒိယနိုင်ငံနှင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုတွင် ရူပီးသုံးစွဲခြင်းကို စတင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘဏ်နှစ်ခု ဖြစ်သော Sonali Bank နှင့် Eastern Bank Limited (EBL) တို့သည် အိန္ဒိယငွေချေးသူ နှစ်ဦးဖြစ်သည့် State Bank of India (SBI) နှင့် ICICI Bank တို့တွင် ၎င်းတို့ကို ကိုယ်စားပြု လုပ်ကိုင်ပေးသည့် vostro အကောင့်ဖွင့်မည်ဖြစ်သည်။ (Vostro သည် လက်တင်ဝေါဟာရ ဖြစ်ပြီး "သင်၏""your" ဟု ဆိုလိုသည်) အပြန်အလှန်အားဖြင့် ၎င်းအိန္ဒိယဘဏ်နှစ်ခုတို့သည်လည်း အဆိုပါ ဘင်္ဂလားဒေ့ရှ်ဘဏ်နှစ်ခုတွင် vostro အကောင့်ဖွင့်မည်ဖြစ်သည်။

     နှစ်နိုင်ငံကြား ငွေပေးငွေယူသည် တတိယမြောက်ငွေကြေး မပါဝင်ဘဲ တာကာ-ရူပီဖြင့် အရောင်းအဝယ် ပြုလုပ်မည်ဖြစ်သည်။ ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အိန္ဒိယနိုင်ငံ ထံမှ သွင်းကုန်ဒေါ်လာ ၁၃ ဒသမ ၆၉ ဘီလီယံဝန်းကျင် တင်သွင်းခဲ့ပြီး ယင်းတို့အနက် ဒေါ်လာ ၂ ဘီလီယံကို ရူပီးဖြင့် ကုန်သွယ်မှုပြုကာ ကျန်ကို အမေရိကန်ဒေါ်လာဖြင့် ပေးချေမည်ဖြစ်သည်။

     ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အိန္ဒိယနိုင်ငံသို့ တင်ပို့မှုမှာ ကန်ဒေါ်လာ ၂ ဘီလီယံခန့်ရှိပြီး ယင်းနှင့်ပတ်သက် သည့် အရောင်းအဝယ်များကို ရူပီးနှင့် တာကာတို့ဖြင့် ပေးချေမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံနှင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုတွင် ရူပီးသုံးစွဲသော နိုင်ငံ ၁၈ နိုင်ငံမှာ ရုရှား၊ စင်ကာပူ၊ သီရိလင်္ကာ၊ ဘော့ဆွာနာ၊ ဖီဂျီ၊ ဂျာမနီ၊ ဂိုင်ယာနာ၊ အစ္စရေး၊ ကင်ညာ၊ မလေးရှား၊ မောရစ်ရှပ်၊ မြန်မာ၊ နယူးဇီလန်၊ အိုမန်၊ ဆေးရှဲလ်၊ တန်ဇန်းနီးယား၊ ယူဂန်ဒါနှင့် ယူကေတို့ ဖြစ်ပါသည်။

Source: https://www.industrialdirectory.com.mm

Category: International News