Local News

မြန်မာနိုင်ငံမှ ဆန်တန်ချိန်အများအပြား အင်ဒိုနီးရှားနိုင်ငံမှ ဝယ်ယူမည်

Last Updated:
     အင်ဒိုနီးရှားအစိုးရပိုင် နိုင်ငံတော်အဆင့် စားနပ်ရိက္ခာဝယ်ယူသိုမှီးရေးအဖွဲ့ (Bulog) က မြန်မာအပါအဝင် နိုင်ငံ ၅ နိုင်ငံကနေ ဆန်တန်ချိန် (၃) သန်း ဝယ်ယူတင်သွင်းဖို့ ရည်မှန်းထားကြောင်း အင်ဒိုနီးရှားသတင်းဌာနတွေက ရေးသားဖော်ပြပါတယ်။ ဝယ်ယူသွားမယ့် နိုင်ငံတွေအဖြစ် ၂၀၂၂ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံထံ ဆန်တင်ပို့ရောင်းချခဲ့တဲ့ မိတ်ဖက်နိုင်ငံတွေ ဖြစ်တယ်လို့ သိရှိရပြီး အဲ့ဒီအထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်နေပါတယ်။ ‘‘ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု အားကောင်းတဲ့ မြန်မာ၊ ဗီယက်နမ်၊ ထိုင်း၊ ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံတွေကနေ တင်သွင်းမှာ ဖြစ်ပါတယ်’’လို့ Bulog ဥက္ကဋ္ဌဖြစ်သူ ဘူဒီ ဝါဆဲဆိုက ပြောပါတယ်။
      ဆန်တင်ပို့မယ့် နိုင်ငံတွေနဲ့ အရောင်းအဝယ်စာချုပ်တွေကို လက်မှတ်ရေးထိုးသွားမှာဖြစ်ပြီး ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်ခွဲတမ်းကို ဦးစွာ ချိန်ညှိမယ်လို့ ၎င်းက ဆိုပါတယ်။ Bulog က အစိုးရအဖွဲ့ ခွင့်ပြုချက်နဲ့ ဆန်တန်ချိန် (၂) သန်း ကနဦးဝယ်ယူဖို့ ခွင့်ပြုမိန့် ပါမစ်ရရှိထားပြီး ပြည်တွင်းဆန်လက်ကျန်အပေါ် မူတည်ကာ တစ်သုတ်ပြီးတစ်သုတ် တင်သွင်းသွားမှာပါ။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံတွေထံ ဆန်/ဆန်ကွဲ တန်ချိန် (၂.၅) သန်း ရောင်းချနိုင်ဖို့ ရည်မှန်းထားပြီး အဲ့ဒီကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ (၁) ဘီလီယံ ရရှိဖို့ မျှော်လင့်ထားပါတယ်။

Source: https://t.me/htwettoe

 
 
Category: Local News