Local News

ဆန်နဲ့ ဆန်ထွက်ပစ္စည်းတွေကို အရည်အသွေးနဲ့ အလေးချိန် ကိုက်ညီတဲ့ စစ်ဆေးချက်ရမှသာ ပြည်ပ ပို့ခွင့်ပြုတော့မယ်

Last Updated:
     ဆန်နဲ့ ဆန်ထွက်ပစ္စည်းတွေကို ကျွမ်းကျင်အဖွဲ့မှ သတ်မှတ်ထားတဲ့ အရည်အသွေးနဲ့ အလေးချိန်ကိုက်ညီကြောင်း စစ်ဆေးချက်ရရှိပြီးမှသာ ပြည်ပသို့ တင်ပို့ခွင့်ပြုမှာဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရပါတယ်။ ဒီအတွက်လည်း မြန်မာကုန်ပစ္စည်း စစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်ကို ဆန်နဲ့ ဆန်ထွက်ပစ္စည်းတွေ ပြည်ပသို့ တင်ပို့ရာမှာ အလေးချိန်နဲ့ အရည်အသွေးစစ်ဆေးမယ့် ကျွမ်းကျင် အဖွဲ့အစည်းအဖြစ် ၎င်းဝန်ကြီးဌာနကတာဝန်ပေးအပ်ထားပါတယ်။
      အဆိုပါအဖွဲ့က ဆန်နဲ့ဆန်ထွက်ပစ္စည်းတွေရဲ့ အလေးချိန်နဲ့ အရည်အသွေးကိုက်ညီမှု ရှိ၊ မရှိ နှင့်အရည်အသွေး ထိန်းသိမ်းခြင်း လုပ်ငန်းစဉ်တွေ ပြည့်စုံစွာ ဆောင်ရွက်ထားမှု ရှိ၊ မရှိတို့ကို စစ်ဆေးမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ စစ်ဆေးချက်တွေ ရရှိပြီးမှသာ ပြည်ပတင်ပို့မှုကို ဆက်လက်ဆောင်ရွက်ခွင့်ပေးသွားမယ်လို့ သိရပါတယ်။ မြန်မာကုန်ပစ္စည်း စစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်း လီမိတက်အနေနဲ့ လုပ်ငန်းများဆောင်ရွက်မှာ ပြည်တွင်း၊ ပြည်ပ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်တွင်းရှိ ဆန်၊ စပါးကဏ္ဍမှ စီးပွားရေးအသင်းအဖွဲ့များ၊ အစုအဖွဲ့ များ၊ ကုန်စည်ဒိုင်များ၊ ကုမ္ပဏီများနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပြီး စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဆောင်ရာမှာ စစ်ဆေးမှုအလိုက် ဝန်ကြီးဌာနက အတည်ပြုပေးထားတဲ့ စမ်းသပ်စစ်ဆေးခတွေကိုဖြစ်စေ၊ ဝန်ဆောင်ခတွေကိုဖြစ်စေ ကောက်ခံပိုင်ခွင့်ရှိတယ်လို့ သိရပါတယ်။
     လက်ရှိမှာလည်း မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံသို့ ဆန်နဲ့ ဆန်ကွဲ တင်ပို့ဖို့ နှစ်နိုင်ငံချုပ်ဆိုထားတဲ့ အပင်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်သဘောတူစာချုပ်အရ Sanitary and Phytosanitary (SPS) Protocol သတ်မှတ် စည်းကမ်းချက်များနှင့်အညီ နှစ်စဉ်ပုံမှန် စိစစ်မှတ်ပုံတင်ခြင်းများကို ဆောင်ရွက်လျက်ရှိနေတာကြောင့် မှတ်ပုံတင်လျှောက်ထားလိုတဲ့ ကုမ္ပဏီများကို စိတ်ဝင်စားမှု (Expression of Interest – EOI) အဆိုပြုလွှာ တင်ပြဖို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဖိတ်ခေါ်ထားပါတယ်။
      အဲဒီအတွက် ဆန်နဲ့ဆန်ကွဲ တင်ပို့လိုတဲ့ ကုမ္ပဏီများအနေနဲ့ စိတ်ဝင်စားမှု အဆိုပြုလွှာများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနဲ့ တရုတ်နိုင်ငံသို့ ဆန်နဲ့ဆန်ကွဲ တင်ပို့နိုင်ရေး နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့ (Technical Working Group)နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့မှာ ရယူကာ Hard Copy ၊ Soft Copy (Word File) များဖြင့် လာမယ့် မေ ၅ ရက် နောက်ဆုံးထားကာ တင်ပြ လျှောက်ထား နိုင်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း ဆန်တန်ချိန် ၂ သန်းခွဲ ပြည်ပတင်ပို့ဖို့ ရှိတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကနေ သိရပါတယ်။
Category: Local News