Local News

ပုသိမ်မြို့နယ်တွင် စပါးတင်း ၁၀၀ လျှင် ငွေကျပ် ၁၇ သိန်းထိ ဈေးကောင်းရရှိ

Last Updated:

           ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်တွင် စပါးတင်း ၁၀၀ လျှင် ငွေကျပ် ၁၇ သိန်းထိ ဈေးကောင်းရရှိနေကြောင်း ပုသိမ်မြို့မှ ဆန်စပါးရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင် ဦးမိုးမြင့်ကျော်က ပြောပြ၍ သိရသည်။

          ပုသိမ်မြို့နယ်တွင် လက်ရှိ နွေစပါးသစ်များပေါ်နေဆဲကာလဖြစ်ပြီး ယခုနှစ် မေ ၁ ရက်မှ ယနေ့(မေ ၂၃) ရက်ထိ ထိုင်းဘေးကျား ရက် ၉၀၊ ဆင်းသုခ၊ ပခန်း၊ သီးထပ်ရင်၊ မှော်ဘီ၊ ဇီယာရှယ်၊ နှစ်လခွဲ စသည့်စပါးများ တင်း ၁၀၀ လျှင် ငွေကျပ် ၁၇ သိန်းထိ ဈေးကောင်းရရှိ လာကြောင်း၊ ပြီးခဲ့သည့် မတ်လနှင့် ဧပြီလက ထိုင်းဘေးကျား၊ ရက် ၉၀၊ ဆင်းသုခ၊ ပခန်း၊   သီးထပ်ရင်၊ မှော်ဘီ၊ ဇီယာရှယ်၊ နှစ်လခွဲစသည့် စပါးများ တင်း ၁၀၀ လျှင် ငွေကျပ် ၁၃ သိန်း ထိသာ ဈေးရရှိခဲ့ကြောင်း သိရသည်။

          “အခုနှစ် စပါးဈေးက ကောင်းနေပါတယ်။ မနှစ်ကထက်လည်း ပိုပြီးဈေးကောင်းနေသလို ပြီးခဲ့တဲ့နှစ် မိုးစပါးပေါ်ချိန်ကထက်လည်း ပိုပြီးဈေးကောင်းနေတာပါ။ အခုစပါးပွဲစားတွေ၊ ကုန်သည်တွေက စပါးရိတ်သိမ်းနေတဲ့လယ်မြေတွေထိ လာရောက်ဝယ်ယူနေပါတယ်။ လက်ကျန်စပါးနည်းပါးနေပြီး စပါးအသစ်ကလည်း အခုမှပေါ်လာတာဖြစ်လို့ ဈေးကောင်းရနေတာဖြစ်ပါတယ်။ စပါးဈေးကောင်းရနေတာဖြစ်ပါတယ်။ စပါးဈေးကောင်းလာသလို အရောင်း အဝယ်ကလည်း သွက်နေပါတယ်။ ကျွန်တော်တို့ဆီက စပါးတွေ ရန်ကုန်ကို အများဆုံးတင်ပို့ ရောင်းချတာပါ” ဟု ပုသိမ်မြို့မှ ဆန်စပါး ရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင် ဦးမိုးမြင့်ကျော်က ပြောပြသည်။

          စပါးမျိုးများကို ကုန်သည်များပွဲရုံလုပ်ငန်းရှင်များက ဝယ်ယူပြီး ရန်ကုန်မြို့နှင့် ပုသိမ်မြို့သို့ ကုန်တင်ရေယာဉ်များဖြင့် တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါစပါးများ အရောင်း အဝယ်ကောင်းပြီး ဈေးကောင်းလာခြင်းကြောင့် ကုန်သည်များ၊ တောင်သူများ၊ ပွဲစားများ၊ ပွဲရုံလုပ်ငန်းရှင်များ၊ ကုန်ထမ်းလုပ်သားများနှင့် ကုန်တင်ကားအဌားလိုက်သူများ အဆင်ပြေလျက်ရှိကြောင်း ပုသိမ်မြို့မှ ဆန်စပါးရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင် ဦးမိုးမြင့်ကျော်ထံမှ သိရသည်။

Source: ရတနာပုံသတင်စား

Category: Local News