Local News

ဟင်္သာတမြို့နယ်တွင် ဒေသထွက်ပဲတီစိမ်းများ ဈေးကောင်းရရှိနေ

Last Updated:

          ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် ဒေသထွက်ပဲတီစိမ်းများ ဈေးကောင်းရရှိသဖြင့် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ဟင်္သာတမြို့နယ် ပဲမျိုးစုံရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင် ဒေါ်စုစုလှိုင်က ပြောပြ၍ သိရသည်။

          ဟင်္သာတမြို့နယ်တွင် ပြီးခဲ့သည့်မတ်လနှင့် ဧပြီလက ပဲတီစိမ်း(ခရမ်းရွှေဝါ) သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၂၈၅၀၀၊ ပဲတီစိမ်း(အညာရွှေဝါ) သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၂၂၅၀၀ သာရှိခဲ့ပြီး ယခုအခါ ပဲတီစိမ်း(ခရမ်းရွှေဝါ) သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၂၃၅၀၀၊ ပဲတီစိမ်း(အညာရွှေဝါ) သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၇၅၀၀၀ ထိဈေးကောင်းရရှိနေကြောင်း သိရသည်။

          “အခုလက်ရှိ ဧရာဝတီတိုင်းဒေသကြီးက ထွက်တဲ့ပဲတီစိမ်းတွေ အရင်လတွေကထက် အဝယ်လိုက်နေပါတယ်။ ပြည်တွင်းအဝယ်လိုက်လာတဲ့အပြင် ဈေးကောင်းလဲရရှိနေပါတယ်။ ဧရာဝတီတိုင်းဒေသကြီးကနေထွက်တဲ့ ပဲတီစိမ်းတွေကို ရန်ကုန်ဈေးကွက်ကိုပဲ အဓိကတင်ပို့ ရောင်းချနေပါတယ်။ ပဲတီစိမ်းတွေဈေးကောင်းလာတော့ တောင်သူတွေအဆင်ပြေလာပါတယ်။ ဒါ့ပြင် လယ်ယာထွက်ကုန်ရောင်းဝယ်တဲ့ လုပ်ငန်းလုပ်ကိုင်သူတွေလဲ အဆင်ပြေလာပါတယ်။ အခုလို ပဲတီစိမ်းတွေအဝယ်လိုက်ပြီး ဈေးကောင်းလာတာကလည်း ပြည်ပဈေးကွက်ဝယ်လို အားကောင်းလာတာကြောင့်ပါ။ ပြီးတော့ ပြည်ပကို ပဲတီစိမ်းတွေတင်ပို့နေတဲ့ ကုမ္ပဏီတွေလည်း ပြည်လည်လည်ပတ်လုပ်ကိုင်နေတာကြောင့် ဖြစ်ပါတယ်” ဟု ဟင်္သာတမြို့နယ် ပဲမျိုးစုံ ရောင်းဝယ်ရေးပွဲရုံ လုပ်ငန်းရှင် ဒေါ်စုစုလှိုင်က ပြောပြသည်?

          ဟင်္သာတမြို့နယ်မှထွက်ရှိသည့် ပဲတီစိမ်းများကို သုံးတင်းဝင်အိတ်များဖြင့်ထည့်ပြီး ရန်ကုန်မြို့သို့ ကုန်တင်ကား၊ ကုန်တင်သင်္ဘောများဖြင့် တစ်ရက်လျှင် တစ်ကြိမ်၊ ငါးရက်လျှင် တစ်ကြိမ်စနစ်ဖြင့် တင်ပို့ရောင်ချပေးလျက်ရှိကြောင်း၊ အဆိုပါပဲတီစိမ်းများကို ရန်ကုန်မြို့မှ တစ်ဆင့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သို့ တင်ပို့ရောင်းချနေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News