Local News

တရုတ်နယ်စပ်မှ အဝယ်လိုက်၍ ပဲတီစိမ်းဈေး အနည်းငယ် ပြန်တက်

Last Updated:

     တရုတ်နယ်စပ် ကျယ်ဂေါင်မှ အရောင်းအဝယ်လိုက်လာသောကြောင့် ယခုတစ်ပတ်အတွင်း ပြည်ပပို့ကုန် ပဲတီစိမ်း ဈေးများကျနေရာမှ အနည်းငယ်ပြန်တက်လာကြောင်း ပဲတီစိမ်း ရောင်းချသူများထံမှ သတင်းရရှိသည်။ အခြားပဲများ ငွေကြေးဈေးကွက်ပေါ်မူတည်ပြီး ဈေးအတက်အကျရှိနေသော်လည်း ပဲတီစိမ်းကတော့ တရုတ်အဝယ်မရှိ၍ ၂လ နီးပါး ဈေးငြိမ်နေခဲ့ပြီး ယခု ပြန်မြင့်တက်လာခြင်း ဖြစ်သည်။ 

     ရာသီပေါ်စတွင် ပဲတီစိမ်း ထိပ်စသုံးတင်းဝင် တစ်အိတ်လျှင် နှစ်သိန်းကျပ်၊ အညံစား ပဲတီစိမ်း သုံးတင်းဝင်တစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ် မှ ၁၆၀၀၀၀ ကျပ် ပေါက်ဈေးရှိရာမှ အညံ့စား ပဲတီစိမ်းသုံးတင်း ဝင်တစ်အိတ်လျှင် ၁၃၅၀၀၀ ကျပ်၊ ထိပ်စ ၁၇၁၀၀၀ ကျပ်ထိ ဈေးကျဆင်းခဲ့သည်။ မန္တလေး ပဲတီစိမ်းဈေးကွက်တွင် ယခုတစ်ပတ်အတွင်း တရုတ်ဝယ်လက်ရှိလာသဖြင့် ပဲတီစိမ်း ထိပ်စ သုံးတင်းဝင် တစ်အိတ်လျှင် ၁၇၃၀၀၀ ကျပ်၊ အညံ့စား ပဲတီစိမ်း သုံးတင်းဝင်တစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်သို့ ဈေးတက်လာခြင်းဖြစ်ပြီး ၄၀၀၀ ကျပ် မှ ၁၀၀၀၀ ကျပ်ကြား  ဈေးမြှင့်တက်လာခြင်းဖြစ်သည်။ 

     “ဈေးကွက် ပြန်လိုက်လာလို့ ဈေးနည်းနည်း ပြန်တက်ပါတယ်။ အဓိကတော့ တရုတ်က ဆွဲ့ပါ။ ငွေဈေးကလည်း ငြိမ်နေတော့ အတက်၊ အကျ အဲလောက် မကြမ်းပါဘူး” ဟု မန္တလေးမြို့ ပဲမျိုးစုံ ရောင်းဝယ်နေသည့် ဝင်းဝင်းပွဲရုံမှ တာဝန်ခံ ကိုရဲမိုးကပြောသည်။ မန္တလေးမြို့ ပဲတီစိမ်းဈေးကွက်တွင် တရုတ်အဝယ်လိုက်နေသောကြောင့် မကွေးမြို့၊ သပိတ်ကျင်းမြို့၊ အောင်လံမြို့ နှင့် ပဲတီစိမ်း အစိုက်များသည့် ဧရာဝတီတိုင်းဒေသကြီးကပါ ပဲတီစိမ်း တင်ပို့ရောင်းချမူများရှိနေကြောင်း မန္တလေးမြို့ ပဲမျိုးစုံဈေးကွက်မှ သတင်းရရှိသည်။ 

     “ပဲတီစိမ်းက မကွေးမှာလည်း တက်တယ်။ အဝယ်လည်း လိုက်တယ်။ အရောင်းသွက်တယ်။ မကွေး ထိပ်စကတော့ မန္တလေးမြို့ ဈေးကွက်မှာတော့ မကွေးထိပ်စ သုံးထောင်လောက် ပြန်တက်လာတယ်” ဟု မကွေးမြို့ မြင့်မြတ်တော်ဝင်ပွဲရုံမှ တာဝန်ခံ ကိုအောင်ဇော်ထွန်းကပြောသည်။ မကွေးမြို့ ပဲတီစိမ်းဈေးကွက်တွင် ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်၊ မင်းလှမြို့နယ်တို့မှ ပဲတီစိမ်းအဝင်များပြီး ပိဿာနှစ်ဆယ်ဝင် တစ်တင်းအိတ် တစ်အိတ်လျှင် ၅၇၀၀၀ကျပ် မှ ၅၈၀၀၀ ကျပ် အကြားမှ ၆၀၀၀၀ ကျပ်သို့ ဈေးတက်လာခြင်းဖြစ်သည်။ မန္တလေးမြို့ ကုန်စည်ဒိုင်ဈေးကွက်တွင် ပဲတီစိမ်း အညာ သုံးတင်းဝင်တစ်အိတ်လျှင် ၁၅၅၀၀၀ကျပ်မှ ၁၇၄၀၀၀ ကျပ် အကြား၊ ပိဿာဈေးမှာ တစ်ပိဿာ လျှင်၂၇၅၆ ကျပ်မှ ၃၀၉၃ ကျပ်၊ ပဲတီစိမ်း အခွံ သုံးတင်းဝင် တစ်အိတ် လျှင် ၁၃၅၀၀၀ ကျပ်မှ ၁၄၀၀၀၀ ကျပ် အကြား၊ ပိဿာ ဈေးမှာ ၂၄၀၀ ကျပ် မှ ၂၄၈၉ ကျပ် ပေါက်ဈေးရှိကြောင်း သိရသည်။ 

     ရန်ကုန်မြို့ ဘုရင့်နောင်ကုန်စည်ဈေးကွက်တွင် ဇူလိုင်လ ၁၈ ရက်ပေါက်ဈေးအရ ပဲတီစိမ်း  ပခုက္ကူ အသစ်၊ တစ်ပိဿလျှင် ၂၅၀၀ ကျပ်မှ ၂၆၇၀ ကျပ်အကြား၊ ပဲတီစိမ်း ခရမ်းရွှေဝါ (ထိပ်စ) တစ်ပိဿလျှင် ၃၇၀၀ ကျပ်၊  ပဲတီစိမ်း ပဲခူး ရွှေဝါ  တစ်ပိဿလျှင် ၃၄၁၅ ကျပ်၊ ပဲတီစိမ်း ဝါးခယ်မ တစ်ပိဿလျှင် ၂၆၆၅ ကျပ် မှ ၂၉၇၀ ကျပ်အကြား ဈေး ပေါက်လျှင်ရှိပြီး ယခုတစ်ပတ်အတွင်းအတက်၊ အကျမရှိဘဲ ဈေးငြိမ်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ပဲတီစိမ်းကို အထက်မြန်မာပြည်၊ အောက်မြန်မာပြည် ဒေသနှစ်ခုလုံးတွင် စိုက်ပျိုးကြပြီး တစ်နိုင်ငံအတိုင်းအတာ အနေဖြင့် ဟတ်တာ ၁ ဒဿမ ၂၄ သန်းကျော်စိုက်ကြကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရှိရသည်။ 

Source: Awba

 

Category: Local News