Local News

ငရုတ်သီးများ လာမည့် စက်တင်ဘာလောက်တွင် ဈေးကောင်းရနိုင်

Last Updated:

     မန္တလေးတိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသောငရုတ်သီးများမှာ လက်ရှိတွင်ဈေးကွက်အေးနေပြီး လာမည့်စက်တင်ဘာလလောက်တွင် ဈေးကောင်းရလာနိုင်ကြောင်း  ဝမ်းတွင်းမှ ငရုတ်သီးပွဲရုံအချို့က သုံးသပ်သည်။ ယခုနှစ်တွင် ငရုတ်သီးအထွက် နည်းပါးသည့်အပြင် အခြေအနေအရပ်ရပ်ကြောင့် အရောင်းအဝယ်အေးနေသည်ဟုဆိုသည်။ "ပြီးခဲ့တဲ့လတွေကလည်း ဒီအတိုင်းပဲ။ ဝယ်လက်နည်းလို့ ဈေးအေးနေတော့ ဈေးကပုံမှန် ပဲရှိနေတယ်။ ငရုတ်သီးစိုက်တဲ့ သူတွေလည်း ရာသီဥတုကြောင့် ဒီနှစ်မှာ သုံးပုံတစ်ပုံလောက်ပဲ ထွက်တယ်။ နောက်မိုးကောင်းမှ အထွက်နည်းနည်းပိုမှာပဲ" ဟု သိန်းငရုတ်သီးပွဲရုံပိုင်ရှင်က ပြောသည်။

     ငရုတ်သီးဈေးကွက်တွင် ၆၉၂ ငရုတ်အစိုဈေးမှာ တစ်ပိဿာ ငွေကျပ် ၄၀၀၀-၄၃၀၀ ဝန်းကျင်နှင့် ငရုတ်သီးခြောက်တစ်ပိဿာ ငွေကျပ် ၁၄၀၀ ဝန်းကျင်သာရှိကြောင်း၊ လာမည့်စက်တင်ဘာတွင် ဈေးကွက်ကောင်းလာနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။ "ငရုတ်သီးခြောက်ကို  အမှုန့်ဖြစ်အောင်လုပ်တဲ့အခါ လက်ရှိပေါက်ဈေးနဲ့ဆိုရင် အရောအနှောကင်းတဲ့ အမှုန့်ရောင်းသူတွေ ဈေးမကိုက်ဘူး။ ငရုတ်သီးမှုန့် စစ်စစ်ရဖို့ အတောင့်တစ်ပိဿာမှ ၇၈ ကျပ်သားပဲရတယ်" ဟု ငရုတ်သီးမှုန့် ထုတ်လုပ်သူတစ်ဦးက ပြောသည်။ ပြည်တွင်းမှ ငရုတ်သီးကို ထိုင်းနိုင်ငံသို့  အများအပြားတင်ပို့  ရောင်းချသော်လည်း  ပြည်ပဝယ်လက်  နည်းပါးသဖြင့်  ပြည်တွင်းဈေးကွက်တွင်လည်း  ဈေးအေးနေကြောင်း၊   မန္တလေးတိုင်းဒေသကြီးတွင် မိတ္ထီလာ၊ မြင်းခြံ  စသည့် ဒေသများတွင် စိုက်ပျိုးမှုများပြား ပြီး ယခုနှစ်တွင် ယခင်ထက် အထွက်နှုန်းကျဆင်းကြောင်း သိရသည်။

Source: မကွေးဂျာနယ်

Category: Local News