မြန်မာတစ်နိုင်ငံလုံးမှာ တစ်နှစ်လျှင် အုန်းသီးအလုံးရေ သန်း ၄၀၀ ကျော်ထွက်ရှိကာ ယင်းတို့အနက်ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အုန်းခြံများမှ အုန်းသီးအလုံးရေ သန်း ၁၃၀ ခန့် ထွက်ရှိနေတာဖြစ်ပြီး ပြည်တွင်းဈေးကွက်အပြင် ပြည်ပ ဈေးကွက်များကိုပါ ချိတ်ဆက်တင်ပို့ ရောင်းချနေရတယ်လို့ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဧရာကုန်သွယ်မှုဗဟိုဌာနမှ သိရပါတယ်။ ယင်းထွက်ရှိလာတဲ့ အုန်းသီးများကို ဒေသတွင်းစားသုံးမှု ၅၆ ရာခိုင်နှုန်းမျှရှိပြီး ကျန် ၄၄ ရာခိုင်နှုန်းကို ပြည်တွင်း အုန်းသီးထွက်ရှိမှုနည်းပါးတဲ့ တိုင်းဒေသကြီးတွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေးနှင့် အခြားဒေသများထံ တင်ပို့ရောင်းချနေသလို ပြည်ပဈေးကွက်ဖြစ်တဲ့ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်စတဲ့ အိမ်နီးချင်းနိုင်ငံတို့သို့လည်း အဓိကတင်ပို့ ရောင်းချလျက်ရှိနေပါတယ်။
"ဧရာဝတီကနေ အုန်းသီးထွက်ရှိမှုနည်းပါးတဲ့ တိုင်းဒေသကြီးတွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေးတို့ထံ တင်ပို့ရောင်းချနေတာပါ။ အဓိကရန်ကုန်ပေါ့။ မန္တလေးကိုလည်း တင်ပို့ရောင်းချတာရှိသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း တိုက်ရိုက်လာဝယ်တာတွေ ရှိပါတယ်" လို့ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဧရာကုန်သွယ်မှုဗဟိုဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားပါတယ်။အရည်သောက် အုန်းသီးလက်ကားဈေးအနေဖြင့် တစ်လုံးလျှင် ကျပ် ၆၀ဝ အထိ ရှိနေပြီး အုန်းသီးအရင့်ဆွဲ တစ်လုံးလျှင် ကျပ် ၈၀ဝ ခန့် ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။
လက်ရှိ မြန်မာ့အုန်းသီးဈေးကွက်ဟာ ပြည်ပဝယ်ယူမှုအပြင် ပြည်တွင်းရှိ စားသုံးသူဈေးကွက်တွေ၊ မုန့်လုပ်ငန်း တွေ၊ အုန်းဆီစက်တွေ၊ အလှကုန်ထုတ်လုပ်တဲ့လုပ်ငန်းတွေက ဝယ်ယူမှုလည်း မြင့်တက်လျက်ရှိတယ်လို့ သိရပါတယ်။ ပြည်တွင်း၌ အုန်းပင်ကို ပင်လယ်ကမ်းရိုးတန်းဒေသများတွင် အများဆုံးစိုက်ပျိုးပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် တစ်နှစ်ထွက်ရှိသည့် အုန်းသီးအလုံးရေ သန်း ၄၀ဝ ကျော်၏ ၈၃ ရာခိုင်နှုန်းကျော်ကို ပြည်တွင်း၌စားသုံးလျက်ရှိကြောင်း မြန်မာနိုင်ငံ အုန်းသီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။
မြန်မာနိုင်ငံမှထွက်ရှိသည့် အုန်းသီးများကို ပြည်ပနိုင်ငံများသို့ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ်အတွင်း အမေရိကန် ဒေါ်လာ ဝ ဒသမ ဝ၈၂ သန်းတန်ဖိုးရှိ အုန်းသီး ၂၀၆ တန် တင်ပို့နိုင်ခဲ့သည့်အပြင် ပြီးခဲ့သည့် ၂၀၂၂ -၂၀၂၃ ဘဏ္ဏာနှစ် ဧပြီလမှ စက်တင်ဘာလအထိ အမေရိကန်ဒေါ်လာ ဝ ဒသမ ၁၂၈ သန်း တန်ဖိုးရှိ အုန်းသီး ၃၁၉ တန် တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။
Source: https://t.me/htwettoe