Local News

ဆန်ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်ရန် အရန်ဆန်ထုတ်ရောင်းပေးနေသော်လည်း ဈေးကွက်အတွင်း ဆန်ဈေးနှုန်း ဆက်လက်မြင့်တက်နေဆဲဖြစ်

Last Updated:

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် မြင့်တက်နေသည့် ဆန်ဈေးနှုန်းကိုထိန်းချုပ်ရန် အရန်ဆန်များထုတ်ရောင်းပေးလျက်ရှိသော်လည်း ပြင်ပဈေးကွက်အတွင်း၌ ဆန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း ဆန်ရောင်းဝယ်ရေး ကုန်စည်ဒိုင်များ၏ ပြောပြချက်အရ သိရသည်။ ဝါးတန်းကုန်စည်ဒိုင်စျေးနှုန်းအရ သြဂုတ်လ (၁၇) ရက် အပိတ်ဈေးနှုန်းအနေဖြင့် ရွှေဘိုပေါ်ဆန်းမွေး တစ်အိတ် ၁၄၀,၀၀၀ ကျပ်၊ ကျားပျံရှယ်တအိတ် ၁၂၀,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်းမွေး တစ်အိတ် ၁၁၅,၀၀၀ ကျပ်သာ ရှိခဲ့ရာမှ သြဂုတ်လ (၂၁) ရက် ဝါးတန်းကုန်စည်ဒိုင် အဖွင့်စျေးနှုန်းမှာ ရွှေဘိုပေါ်ဆန်းတစ်အိတ် ၁၄၈,၀၀၀ ကျပ်၊ ကျားပျံရှယ်တစ်အိတ် ၁၃၁,၀၀၀ကျပ်၊ ဧရာဝတီပေါ်ဆန်းမွေး တစ်အိတ် ၁၂၅,၅၀၀ ကျပ်အထိ မြင့်တက်လာကြောင်း သိရသည်။

"အပိတ်စျေးနဲ့ အဖွင့်စျေးကို တော်တော်ကွာခြားတယ်။ ဝါးတန်းက ဖွင့်တဲ့စျေးတောင် ၁၀,၀၀၀ နီးပါးတက်နေတာ။ အပြင်မှာဆို အခုထက်ကို ပိုတက်တာ။ ဝါးတန်းပေါက်တဲ့စျေးနဲ့ အများစုက အလုပ်လုပ်တယ်ဆိုပေမဲ့ သူတို့စျေးနဲ့က ဘယ်မှာမှဝယ်လို့မရဘူး၊ ၃,၀၀၀ လောက် ကွာနေသေးတယ်"ဟု ရန်ကုန်မြို့အတွင်းမှ ဆန်ရောင်းဝယ်သူတစ်ဦးက ပြောသည်။ ပြည်တွင်းဈေးကွက်တွင် ဆန်ဈေးနှုန်း မြင့်တက်နေမှုကို ထိန်းချုပ်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းက ပူးပေါင်းပြီး ရန်ကုန်မြို့ရှိ ဝါးတန်းကုန်စည်ဒိုင်၊ ဘုရင့်နောင်ကုန်စည်ဒိုင်တို့တွင် အရန်ဆန်များ ရောင်းချပေးနေလျှက်ရှိရာ ဩဂုတ်လ (၁၆) ရက်အထိ ဆန်အိတ်ရေ ၁၀၀၀၀ ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရောင်းချပေးနေသည့် ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းမွှေးဆန်တစ်အိတ်လျှင် (၁၁၀၀၀၀ ကျပ်)မှ(၁၂၀၀၀၀) ကျပ်၊ ဧရာဝတီပေါ်ဆန်းမွှေးဆန်တစ်အိတ်လျှင် (၉၄၀၀၀ ကျပ်)မှ (၉၇၀၀၀) ကျပ်၊ ဧည့်မထ (၁၀%) စားဆန်များ တစ်အိတ်လျှင် ၆၅၀၀၀ ကျပ်၊ ဧည့်မထ (၂၅%) စားဆန်များတစ်အိတ်လျှင် ၆၀၀၀၀ ကျပ် ဖြစ်ကြောင်းလည်း သိရသည်။ "ဆန်ကတစ်ခါဝယ်ရင် တစ်ခါဈေးတတ်တယ်။ ကိုယ်က ထမင်းဆိုင်ဖွင့်ထားတာဆိုတော့ ဆန်ဈေးတတ်ပေမယ့် ထိန်းရောင်းနေရတယ်။ မကိုက်ဘူး။ ဒီထက်တက်လာရင်တော့ နားရမယ့် အခြေအနေမှာရှိတယ်"ဟု တောင်ဥက္ကလာပမြို့နယ်မှ ထမင်းဆိုင်ရောင်းချသူတစ်ဦးက ပြောသည်။

သင့်တင့်မျှတသည့် ဆန်ဈေးနှုန်းဖြစ်စေရန် ကော်မတီဖွဲ့ပြီး ရန်ကုန်အပါအဝင် နေပြည်တော်၊ ဧရာဝတီ၊ ပဲခူးနှင့် မန္တလေးတိုင်းတွင် ဆန်သိုလှောင်မှုစာရင်း ကောက်ယူမည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

Source: https://www.popularmyanmar.com

Category: Local News