Local News

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ၂၀၂၃ ခုနှစ်အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆန်ရောင်းဝယ်ရေးစာချုပ်ချုပ်ဆိုနိုင်ရေးဆိုင်ရာ အွန်လိုင်းအစည်းအဝေး တက်ရောက်

Last Updated:

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နော်မူတာကပေါသည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်နေ့  ၁၅:၀၀ နာရီ အချိန်တွင်  စီးပွားရေးနှင့်ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပခဲ့သည့် ၂၀၂၃ ခုနှစ်အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆန်ရောင်းဝယ်ရေးစာချုပ်ချုပ်ဆိုနိုင်ရေးဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်၍ အဖွင့်အမှာ စကား ပြောကြားပါသည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ချုပ်ဆိုထားသည့် G to G အစီအစဉ်ဖြင့် ဆန် ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအရ ဆန်အရောင်းအဝယ်စာချုပ် (Sale and Purchase Contract) ချုပ်ဆို၍ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့ရောင်းချနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စားနပ်ရိက္ခာဝန်ကြီးဌာန၊ ဝန်ကြီးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအကြား တွေ့ဆုံညှိနှိုင်းဆွေးနွေးသည့် အစည်းအဝေး ဖြစ်ပါ သည်။

အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နော်မူတာကပေါနှင့် တာဝန်ရှိသူများ၊ ဒါကာမြို့ရှိ မြန်မာသံရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စားနပ်ရိက္ခာဝန်ကြီးဌာန၊ ဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေး ခဲ့ကြပါသည်။

အစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စားနပ်ရိက္ခာဝန်ကြီးဌာန၊ ဝန်ကြီးက ယခင်နှစ်က မြန်မာနိုင်ငံမှ ဆန်ဝယ်ယူခဲ့ပြီး အရည်အသွေးကို နှစ်ခြိုက်ပါကြောင်း၊ ထပ်မံဝယ်ယူလိုသည့် အတွက် ဆန်အရည်အသွေး သတ်မှတ်ချက်များအလိုက် ဈေးနှုန်းသတ်မှတ် စာချုပ်ချုပ်ဆို ဝယ်ယူလိုပါကြောင်း ညှိနှိုင်းဆွေးနွေးပါသည်။ မြန်မာနိုင်ငံမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က နှစ်နိုင်ငံအကြား ချုပ်ဆိုလိုသော ဆန်နှင့် လယ်ယာထွက်ကုန် ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU on Rice and Agro Products Trade) ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ သံတမန်လမ်းကြောင်းမှတစ်ဆင့် တရားဝင် အဆိုပြုစာ ပေးပို့စေလိုကြောင်းနှင့် လက်မှတ်ရေးထိုးနိုင်သည်အထိ နှစ်ဘက်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပါသည်။

ထို့နောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဥက္ကဋ္ဌက လက်ရှိနိုင်ငံတကာ ဈေးကွက်အခြေအနေ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းဈေးကွက် အခြေအနေ၊ နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းထားနှင့် ငွေကြေးမူဝါဒများအရ သင့်လျော်သည့် ဆန်ဈေးနှုန်း သတ်မှတ်ရောင်းချနိုင်ရေး ထပ်မံဆွေးနွေးညှိနှိုင်းရန် လိုအပ်သည့် အခြေအနေဖြစ်ပါကြောင်း၊ သို့ရာတွင် နှစ်နိုင်ငံအကြား ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ရေးထိုးထားပြီးဖြစ်သဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့ရောင်းချနိုင်ရေးအတွက် မြန်မာနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများထံ တင်ပြ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလလယ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများ သွားရောက်တွေ့ဆုံပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ဆန်အရောင်းအဝယ်စာချုပ် (Sale and Purchase Contract) ချုပ်ဆိုနိုင်ရေး တွေ့ဆုံ ဆွေးနွေးညှိနှိုင်းသွားရန် လျာထားပါကြောင်း ဆွေးနွေးပါသည်။

နှစ်နိုင်ငံ တာဝန်ရှိသူများအကြား အပြန်အလှန် ညှိနှိုင်းဆွေးနွေး၍ အစည်းအဝေးကို (၁၅:၄၅) နာရီတွင် ရုပ်သိမ်းခဲ့ကြပါသည်။

Category: Local News