International News

တရုတ်နိုင်ငံ၏ နံပါတ် (၁) ကန်တုံသွင်းကုန်ပို့ကုန် ကုန်စည်ပြပွဲတွင် မြန်မာလုပ်ငန်းရှင်များအား ပါဝင်ပြသရန်ဖိတ်ခေါ်

Last Updated:

(၁၃၄)ကြိမ်မြောက် ကန်တုံသွင်းကုန်/ပို့ကုန်ကုန်စည်ပြပွဲကြီး (China Import and Export Fair) တွင် မြန်မာလုပ်ငန်းရှင်များ ပါဝင်ပြသရန် ယမန်နေ့ ဩဂုတ်လ (၂၂) ရက်ပြုလုပ်သည့်  ကန်တုံကုန်စည်ပြပွဲ အကြိုမိတ်ဆက် အခမ်းအနားတွင် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ (၁၃၄)ကြိမ်မြောက် ကန်တုံ သွင်းကုန်/ပို့ကုန်ကုန် စည်ပြပွဲ (China Import and Export Fair) ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၁၅) ရက်မှ (၃၁) ရက်အထိတရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Guangdong ပြည်နယ်၊ Canton Fair Complex တွင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကန်တုံနိုင်ငံတကာကုန်စည်ပြပွဲသည် တရုတ်နိုင်ငံ၏ကုန်စည်ပြပွဲများအနက် နံပါတ်(၁) ကုန်စည်ပြပွဲကြီး ဖြစ်ပြီး၊တရုတ်နိုင်ငံနှင့် နိုင်ငံတကာကုန်သွယ်ရေးတွင် အရေးပါသည့် ပြတင်းပေါက်ဖြစ်သည့်အပြင် နိုင်ငံတကာမှ Supplier နှင့် Buyer များအကြား ချိတ်ဆက်ပေးသည့် Platform တစ်ခုဖြစ်သည့်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးတွင် အရေးပါကြောင်း ပြပွဲတစ်ခုဖြစ်ကြောင်း သိရသည်။

အဆိုပါ (၁၃၄) ကြိမ်မြောက် ကန်တုံကုန်စည်ပြပွဲကို Online/Offline ဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြခန်းပေါင်း (၇၄,၀၀၀) ခန့်ပါဝင်ကာ နိုင်ငံတကာမှ အရည်အသွေးကောင်းမွန်သည့် ကုန်ပစ္စည်းများကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ အထူးသဖြင့် စွမ်းအင်သုံးကား၊ လယ်ယာထွက်ကုန်ပစ္စည်း၊ စက်နှင့်လျှပ်စစ်ပစ္စည်း၊အိမ်အသုံးအဆောင်ပစ္စည်း၊ နည်းပညာဆိုင်ရာ ဆက်စပ်ပစ္စည်းများကို ပြသသွားမည်ဖြစ်သည်။

134th Canton Fair မိတ်ဆက်အခမ်းအနားတွင် ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအေးထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး(ရန်ကုန်)မှ စီးပွားရေးသံမှူး Mr. Quyang Daobing, မြန်မာ-တရုတ်ကုန်သည်များအသင်းချုပ် ဥက္ကဋ္ဌ ဦးအိုက်ထွန်းတို့မှ အဖွင့်အမှာစကားများပြောကြားခဲ့ကြပြီး၊ ပြပွဲသို့ RCEP အဖွဲ့ဝင်နိုင်ငံများ၊ ဖွံ့ဖြိုးပြီးအင်အားကြီးနိုင်ငံများလည်းပါဝင်ပြီး မြန်မာကုမ္ပဏီများလည်း အများအပြားပါဝင်ပြသစေချင်ကြောင်း တရုတ်နိုင်ငံခြားကုန်သွယ်ရေးစင်တာမှ ဒုတိယဥက္ကဋ္ဌ Mr. Zhang Sihong က ဖိတ်ခေါ်ပြောကြားခဲ့သည်။

ကုန်သွယ်ရေးဆိုင်ရာ ရေပန်းစားသည့် ဆွေးနွေးပွဲများ၊ဖိုရမ်များ၊ ကုန်ပစ္စည်း မိတ်ဆက်ပွဲအစီအစဉ်များကို ကျင်းပသွားမည်ဖြစ်ပြီး မြန်မာ့ထုတ်ကုန်များပါဝင် ပြသခြင်းဖြင့် တရုတ်-မြန်မာကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမည်ဖြစ်သည့်အပြင် တရုတ် - မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေး ပိုမိုတိုးတက်ရေး၊ စီးပွားရေးအခွင့်အလမ်းများ ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြပွဲတွင် Online Canton Fair Platform လည်းဖွင့်လှစ်ထားရှိမည်ဖြစ်ပြီး နိုင်ငံတကာဝယ်လက်များအနေဖြင့် နေ့စဉ်ဝင်ရောက် အရောင်းအဝယ်များပြုလုပ်နိုင်ကြောင်း သိရှိရပါသည်။

Source: https://www.popularmyanmar.com

Category: International News