Local News

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလတွင် ကင်းမွန်ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ကင်းမွန်ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီရီက ပြောပြ၍ သိရသည်။ လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလက ကင်းမွန်ပိဿာချိန် ၅၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဒီဇင်ဘာလတွင် ကင်းမွန်ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း၊ အဆိုပါ ကင်းမွန်တစ်ပိဿာလျှင် ငွေကျပ် ၂၁၀၀၀ မှ ၂၇၀၀၀ ထိ ဈေးပေါက်နေကြောင်း သိရသည်။

“လပွတ္တာဒေသကနေ ရန်ကုန်ဈေးကွက်ကို ရေထွက်ကုန်တွေပုံမှန်တင်ပို့ရောင်းချနေပါတယ်။ လက်ရှိကင်းမွန်တွေ အဝင်များနေပါတယ်။ အရင်ကထက်လဲ အရောင်းအဝယ်သွက်လာပါတယ်။ ပွင့်လင်းရာသီရောက်လာတာနဲ့အမျှ အခုထက်ပိုမိုတင်ပို့ရောင်းချရဖို့ရှိပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလကထက် ဒီဇင်ဘာလအတွင်း ကင်းမွန်ပိဿာချိန် ၂၀၀၀၀ ထိ ပိုမိုတင်ပို့ရောင်းချခဲ့ရပါတယ်။ ကုန်များများ တင်ပို့ရောင်းချအားရှိခဲ့တော့ ရေလုပ်ငန်းနဲ့ဆက်စပ်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိလာပါတယ်” ဟု လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ‌ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ‌ဒေါ်ရီရီက ပြောပြသည်။ အဆိုပါ ကင်းမွန်များကို စနစ်တကျ စစ်ဆေးသန့်စင်ပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေကြောင်း၊ ကင်းမွန်များကို ရန်ကုန်မြို့မှတစ်ဆင့် တရုတ်နိုင်ငံနှင့်ထိုင်းနိုင်ငံတို့သို့ အများဆုံးတင်ပို့ရောင်းချလျက်ရှိကြောင်း၊ ကင်းမွန်များဝယ်ယူမှုကောင်းလာသည့်အတွက် ကုန်သည်များ၊ ရေလုပ်သားများ၊ ပွဲရုံပိုင်ရှင်များ၊ ကုန်တင်ယာဉ်အငှားလိုက်သည့်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာကြောင်း ဒေါ်ရီရီက ဆက်လက်ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News