Local News

ပဲစင်းငုံသီးနှံစိုက်ပျိုးခြင်းဖြင့် တောင်သူများအကျိုးအမြတ်ရရှိ

Last Updated:

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ ဘွဲ့ကျေးရွာအုပ်စုရှိ ဇီးတောကျေးရွာ၌  ပဲစင်းငုံသီးနှံကို သီးညှပ်အဖြစ်စိုက်ပျိုးကြပြီး ယခုနှစ်တွင် အထွက်နှုန်းအနေဖြင့် ပိုမိုထွက်ရှိပြီး ဈေးကောင်းရရှိကာ ပဲစင်းငုံစိုက်တောင်သူများအနေဖြင့် အကျိုးအမြတ်များစွာ ရရှိခဲ့ကြောင်းသိရှိရပါသည်။

ဇီးတောကျေးရွာ၌ ပဲစင်းငုံစိုက်တောင်သူ(၅၀)ဦးခန့်ရှိပြီး စိုက်ဧကမှာ (၁၀၀)ဧကဝန်းကျင်ရှိကြောင်း၊ မိမိအနေဖြင့် (၁)ဧကစိုက်ပျိုးခဲ့ကြောင်း၊ စိုက်ပျိုးရာတွင် ထွန်တုံးဖြင့်ကြောင်းဆွဲ၍ စိုက်ပျိုးကြောင်း၊ မျိုးကို ယခင်နှစ်ကပဲစင်းငုံစိုက်ခင်းမှထွက်ရှိသည့် ပဲစင်းငုံပဲများကိုမျိုးအဖြစ်ဖယ်ချန်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ (၁)ဧကလျှင် မျိုး(၄)ပြည်ခန့်ကုန်ကျကြောင်း၊  စိုက်ပျိုးရာတွင် နယုန်လတွင် စတင်စိုက်ပျိုးပြီး နတ်တော်လတွင် ရိတ်သိမ်းကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်က (၁)ဧကလျှင် ကျပ်(၁၀၀၀၀၀)ခန့်သာကုန်ကျပြီး ယခုနှစ်တွင်မှု သွင်းအားစုစရိတ် မြင့်တက်လာ၍ ကျပ်(၁၅၀၀၀၀)ခန့်ကုန်ကျခဲ့ပါကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်က(၁)ဧကလျှင် တင်း(၂၀) ထွက်ရှိပြီး ယခုနှစ်တွင် (၂၅)တင်းခန့်ထွက်ရှိကြောင်း၊ ယခင်နှစ်က (၁)တင်းလျှင် ကျပ်(၅၅၀၀၀) သာရရှိခဲ့ပြီး ယခုနှစ်တွင် ကျပ်(၁၁၁၀၀၀)ထိရရှိခဲ့ပါကြောင်း၊ တစ်ရွာလုံးစုစုပေါင်း ပဲစင်းငုံစိုက်ဧက (၁၀၀)ဧကမှ ပဲစင်းငုံတင်း (၃၀၀) ကျော်ထွက်ရှိခဲ့ပါကြောင်း၊ ထွက်ရှိသည့်ပဲစင်းငုံ များကို အထက်မင်းလှမြို့ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချပါကြောင်း၊ ယခုနှစ်တွင် အထွက်နှုန်းအနေဖြင့် ပိုမိုထွက်ရှိပြီး  ဈေးကောင်းလည်းရရှိသဖြင့် ပဲစင်းငုံစိုက်တောင်သူများအနေဖြင့် အကျိုးအမြတ်များ စွာရရှိခဲ့ပါကြောင်း ဇီးတောကျေးရွာနေ ပဲစင်းငုံစိုက်တောင်သူ ဦးအောင်ဆန်းထံမှ သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News