Local News

ပြည်ပသို့ ရေထွက်ကုန် ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ် လာ သန်း (၄၀) ကျော်ရရှိထား

Last Updated:

      ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်၏ ဧပြီလ (၁) ရက်မှ မေလ (၁၂) ရက်အထိ ပြည်ပသို့ရေ ထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၀ ဒဿမ ၉၈ သန်းကျော်ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဖော်ပြထားသည့် စာရင်းအချက်အလက်များအရ သိရသည်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ် အလားတူကာလတွင် ပြည်ပသို့ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၄ ဒဿမ ၀၇ သန်းကျော် ရရှိခဲ့ခြင်းဖြစ်သည်။

     မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများကို ပုံမှန်ကုန်သွယ်ရေး Normal Trade နှင့် နယ်စပ်ကုန်သွယ်ရေး Border Trade လမ်းကြောင်းတွေကနေ တဆင့် ပြည်ပနိုင်ငံတွေကို တင်ပို့နေခြင်းဖြစ်ပြီး လက်ရှိအခြေအနေတွင် ပြည်ပရေထွက်ကုန်တင်ပို့မှုသည် ပုံမှန်အတိုင်း တင်ပို့နေသော်လည်း ကိုဗစ်ကာလ မတိုင်ခင်အခြေအနေကို ပြန်လည်မရောက်ရှိသေးသည့်အတွက်   တင်ပို့မှုလျော့ကျနေဆဲဖြစ်ကြောင်း သိရသည်။

     မြန်မာ့ရေထွက်ကုန်များကို ပုံမှန်ကုန်သွယ်ရေးအဖြစ် ဂျပန်နှင့် ဥရောပနိုင်ငံများ အပါအဝင် တရုတ်၊ ထိုင်းနှင့် အိမ်နီးချင်းနိုင်ငံထံသို့ မူဆယ်၊ မြဝတီ၊ ကော့သောင်း၊ စစ်တွေ၊ မြိတ်၊   မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေလည်း ငါး၊ ပုစွန်၊ ဂဏန်း စသည့်ရေထွက်ကုန်များကို ပုံမှန်တင်ပို့နေခြင်းဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံးတွင် ငါးနှင့်ပုစွန် မွေးမြူသည့်   ကန်ပေါင်း (၄၈၀,၀၀၀) ရှိသည့်အပြင်  အအေးခန်းသိုလှောင်ရုံပေါင်း  (၁၂၀) ကျော်ရှိကြောင်း ငါး၊ ပုဇွန်မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။ ပြည်ပသို့ ငါးတင်ပို့မှုတွင် ငါးသလောက်၊ ကတ်ကတစ်၊ ငါးမြစ်ချင်း၊ ငါးခုံးမ၊ ငါးတန်စသည့် အမျိုးအစား ၂၀ ကျော်တင်ပို့လျက်ရှိကြောင်း သိရသည်။

Source: Popular News Journal

Category: Local News