Local News

မြန်မာ့ပထမဆုံး ထောပတ်သီး သန့်စင်ထုပ်ပိုးသည့်စက်ရုံ (၆၀) ရာခိုင်နှုန်း တည်ဆောက်ပြီးစီး

Last Updated:

     ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ ဟိုပုံးမြို့နယ်တွင် ထောပတ်သီးသန့်စင်ထုပ်ပိုးသည့် စက်ရုံတစ်ခုကို တည်ဆောက်နေပြီး လက်ရှိတွင် (၆၀) ရာခိုင်နှုန်း တည်ဆောက် ပြီးစီးနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထောပတ်သီး သန့်စင်ထုပ်ပိုးသည့် စက်ရုံကို မြန်မာနိုင်ငံ၏ ထောပတ်သီးကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ပြည်တွင်းတွင် ပထမဆုံးအနေဖြင့် တည်ဆောက်နေခြင်းဖြစ်ကာ ကျပ်သိန်းပေါင်း (၃ဝ,၀၀၀) ကျော် ကုန်ကျကြောင်း သိရသည်။

     ကိုဗစ်ရောဂါကာလ မတိုင်မီက စတင်တည်ဆောက်ခဲ့သည့် အဆိုပါစက်ရုံကို လာမည့်ထောပတ်သီးရာသီအမီ အပြီးဆောက်လုပ်သွားမည်ဖြစ်ပြီး လက်ရှိတွင် တည်ဆောက်မှုသည် အဆောက်အဦပိုင်းနှင့် မီးသွယ်တန်းခြင်း လုပ်ငန်းများ ပြီးစီးနေပြီ ဖြစ်သည်ဟုဆိုသည်။ “ထောပတ်သီးသန့်စင် ထုပ်ပိုးစက်ရုံ တည်ဆောက်နေပါတယ်။ ထောပတ်တောင်သူတွေနဲ့ ပူးပေါင်းပြီးတော့ ကိုဗစ်ရောဂါကာလ မတိုင်မီကနေ တည်ဆောက်ခဲ့တာပါ။ ယခုဆိုရင် ရာခိုင်နှုန်းအနေနဲ့ (၆၀) ရာခိုင်နှုန်း ပြီးနေပါပြီ။ စက်တွေ ဝယ်ယူဖြည့်သွင်းဖို့ပဲ ကျန်တော့တယ်။ ထောပတ်သီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆောင်ရွက်နေတာပါ။ ခုလို တည်ဆောက်တာကလည်း ပြည်ပကို တင်ပို့နိုင်ဖို့ပါ။

     ဒီလိုစက်ရုံမျိုးတွေ ထောပတ်သီးစိုက်ပျိုးတဲ့ နေရာတွေမှာရှိဖို့ လိုအပ်ပါတယ်။ ခုလို စက်ရုံမျိုးတွေရှိပြီဆိုရင် (၂၄) နာရီအတွင်း သန့်စင် ထုပ်ပိုးနိုင်ပြီးတော့ ပြည်ပသို့ပို့မယ့် လမ်းကြောင်းကို ရောက်အောင်တင်ပို့နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် ထောပတ်သီးရာသီအမီ ကြိုးစား ဆောင်ရွက်နေတယ်” ဟု တာဝန်ရှိသူက ပြောသည်။  ထောပတ်သီး သန့်စင်ထုပ်ပိုးသည့်စက်ရုံ တည်ဆောက်ရခြင်းသည် ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ လက်လှမ်းမီသည့် နေရာများမှ ထောပတ်သီးများကို ယင်းစက်ရုံတွင် သန့်စင်ထုပ်ပိုး၍ ပြည်ပနိုင်ငံများသို့ တင်ပို့သွားနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

     စက်ရုံတည်ဆောက်ပြီးပါက ခူးစွတ်သီးများကို သန့်စင်ခြင်း၊ အရွယ်အစား ဆိုဒ်ခွဲခြင်း၊ ပါကင်လုပ်ခြင်းစသည့် စနစ်ပိုင်းများပြီးလျှင် ပြည်ပနိုင်ငံများက တောင်းဆိုသည့် ကေဂျီပုံးများအတိုင်း ထုပ်ပိုးကာ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Source: https://www.foodindustrydirectory.com.mm

Category: Local News