International News

အမေရိကန်ဗဟိုဘဏ်၏ ငွေကြေးဖောင်းပွမှုတိုက်ဖျက်ရေး ဆောင်ရွက်မှု အောင်မြင်ကြောင်း ကြေညာရန် မည်သည့်ကြောင့် အသင့်မဖြစ်သေးတာလဲ

Last Updated:

အမေရိကန်ဗဟိုဘဏ် (Federal Reserve) ၏ ငွေကြေးဖောင်းပွမှုတိုက်ဖျက်ရေး ဆောင်ရွက်မှု အောင်မြင်ကြောင်းကြေညာရန် မည်သည့်ကြောင့်အသင့်မဖြစ်သေးတာလဲ (Why the Fed Isn’t Ready to Declare Victory on Inflation) ခေါင်းစဉ်ပါ သတင်းအား World Street Journal အွန်လိုင်း သတင်းတွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့၌  ဖော်ပြထားပါသည်။

အမေရိကန်ဗဟိုဘဏ်၏ မူဝါဒချမှတ်သူအချို့နှင့် စီးပွားရေးပညာရှင်များအနေဖြင့် ငွေကြေးဖောင်းပွမှုနှုန်းလျော့နည်းလာသည့် အခြေအနေသည် ခဏတာမျှတာဖြစ်မည်ကို စိုးရိမ်လျက်ရှိကြကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် အိမ်ငှားရမ်းခ၊ ခရီးသွားလာစရိတ်နှင့် မော်တော်ကား ဈေးနှုန်းများမြင့်တက်စေသည့်သက်ရောက်မှုများ လျော့နည်းလာပြီးနောက် ငွေကြေးဖောင်းပွမှု နှေးကွေးလာသည်ကို ၎င်းတို့အနေဖြင့် တွေ့ရှိရပါကြောင်း၊ ဈေးနှုန်းမြင့်တက်စေသည့် နောက်ခံအကြောင်းရင်းများ ဆက်လက်ရှိနေပါက အမေရိကန်ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်း တိုးမြှင့်ကာ ၎င်းနှုန်းကို ကြာကြာထိန်းထားရန်လိုအပ်ပါကြောင်း၊ ယခင်လတွင် အမေရိကန်ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်းကို ၅ ရာခိုင်နှုန်းနှင့် ၅.၂၅ ရာခိုင်နှုန်းအကြား ငြိမ်အောင်ထိန်းနိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ် မတ်လမှ စတင်၍  (၁၀) ကြိမ်ခန့်ဆက်တိုက်တိုးခဲ့ပြီးနောက် ပထမဆုံးအကြိမ် ငြိမ်အောင်ထိန်းနိုင်ခဲ့ခြင်း ဖြစ်ပါကြောင်းဖြင့်ဖော်ပြထားပါသည်။

အချို့သော စီးပွားရေးပညာရှင်များကလည်း လုပ်ခလစာတိုးနှုန်း မြင့်လာသဖြင့် လာမည့်နှစ်တွင် လုပ်သားဈေးကွက်ရှားပါးမှုက ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေနိုင်ပါကြောင်း၊ လုပ်ခလစာ တိုးနှုန်းသည် ၃.၅ ရာခိုင်နှုန်း ရှိလာနိုင်ပြီး ကုန်ထုတ်လုပ်မှုမှာလည်း ၁ ရာခိုင်နှုန်းမှ ၁.၅ ရာခိုင်နှုန်းခန့် တိုးလာနိုင်ပါကြောင်း၊ ၂၀၂၂ ခုနှစ် အစောပိုင်းကာလများဖြစ်သည့် ဇန်နဝါရီလမှ မတ်လအတွင်း လုပ်ခနှင့် လစာဝင်ငွေတိုးနှုန်းသည် ၅ ရာခိုင်နှုန်း အထိရှိခဲ့ကြောင်းကို အလုပ်သမား ဝန်ကြီးဌာန၏ အလုပ်ခန့်ထားမှု စရိတ်ညွှန်းကိန်း (Employment Cost Index) အရ သိရှိရပါကြောင်းဖြင့် ဖော်ပြထားပါသည်။

ငွေကြေးဖောင်းပွမှုဖြစ်စေရန်တွန်းအားပေးသည့် အလုပ်သမားဈေးကွက်မှာ ထင်သလောက် နှေးကွေးသွားသည့် အထောက်အထားမတွေ့ရဟု စီးပွားရေးပညာရှင် အချို့ကယုံကြည်ကြပါကြောင်း၊ ယခုအခါအလုပ်မရှိသည့် အလုပ်သမားများအနေဖြင့် အလုပ်အကိုင်ရှာဖွေရသည့် အချိန်မှာ ပိုမိုကြာမြင့်သည်ကိုတွေ့ရှိရပါကြောင်း၊ ၂၀၂၃ ခုနှစ် ပထမ (၆) လတွင် ပုဂ္ဂလိကကဏ္ဍ၌ လစဉ်အလုပ်အကိုင် (၂၁၅,၀၀၀)နေရာခန့် ခေါ်ယူလျက်ရှိပြီး ၂၀၂၂ ခုနှစ် ပထမ (၆) လတွင် အလုပ် အကိုင် (၄၃၆,၀၀၀)နေရာ၊ ဒုတိယ (၆) လပတ်တွင် အလုပ်အကိုင် (၃၁၇,၀၀၀)နေရာ ရှိခဲ့သဖြင့် ယခင်နှစ်ကထက် လျော့နည်းလာသည်ကို တွေ့ရှိရပါကြောင်း၊ အကယ်၍ တစ်လလျှင် အလုပ် အကိုင်နေရာ (၂၀၀,၀၀၀) ဆက်လက်ခေါ်ယူနေပါက အမေရိကန်ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်းကို ကြာကြာတိုးမြှင့်ထားရမည်ဖြစ်ပါကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News