Local News

ကျိုက်လတ်မြို့နယ်မှ ရန်ကုန်မြို့သို့ တစ်ရက်လျှင် နာနတ်သီးအလုံးရေ ၅၅၀၀၀ ထိ တင်ပို့ ရောင်းချနေရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်မှ ရန်ကုန်မြို့သို့ တစ်ရက်လျှင် နာနတ်သီးအလုံးရေ ၅၅၀၀၀ ထိ တင်ပို့ရောင်းချနေရကြောင်း ကျိုက်လတ်မြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဌေးဝင်းက ပြောပြ၍ သိရသည်။ ကျိုက်လတ်မြို့နယ်မှ ရန်ကုန်မြို့သို့ ပြီးခဲ့သည့်ဇွန်လနှင့်ဇူလိုင်လက တစ်ရက်လျှင် နာနတ်သီးအလုံးရေ ၂၂၅၀၀ ထိသာ တင်ပို့ရောင်းချခဲ့ရပြီး ဩဂုတ်လ ၁ ရက်မှ ယနေ့ (ဩဂုတ်လ ၂၄) ရက်နေ့ထိ တစ်ရက်လျှင် နာနတ်သီးအလုံးရေ ၅၅၀၀၀ ထိ တင်ပို့ရောင်းချနေရကြောင်း၊ အဆိုပါ ဒေသထွက်နာနတ်သီးများကိုအလုံး ၁၀၀၀ လျှင် ငွေကျပ် ၃၅၀၀၀ မှ ၄၀၀၀၀ ထိရရှိပြီး ရန်ကုန်မြို့မှအဝယ်လိုက်နေခြင်းကြောင့် တင်ပို့အားကောင်းနေခြင်းဖြစ်ကြောင်း သိရသည်။

“အခုနှစ် နာနတ်သီးဈေးကောင်းတော့ စိုက်တဲ့သူတွေ အဆင်ပြေတာတွေ့ရပါတယ်။ နာနတ်သီးက အခုနှစ်ပြည်တွင်းမှာကို အဝယ်လိုက်နေပါတယ်။ အထွက်နည်းတာကြောင့်လည်း ဈေးကောင်းရရှိနေတဲ့သဘောရှိပါတယ်။ ဒေသထွက်နာနတ်သီးတွေ ရန်ကုန်ဈေးကွက်ကို အများဆုံးတင်ပို့ရောင်းချနေပါတယ်။ အခုနှစ် ဈေးကောင်းရရှိတဲ့အပြင် သဘာဝဘေးကြောင့် အပျက်အစီးနည်းတော့ တောင်သူတွေအများစုအဆင်ပြေတာတွေ့ရပါတယ်” ဟု ကျိုက်လတ်မြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဌေးဝင်းက ပြောပြသည်။

ကျိုက်လတ်မြို့နယ်တွင် နာနတ်သီးများကို ကျေးလက်ဒေသများက အများဆုံးစိုက်ပျိုးကြပြီး တောင်သူတစ်ဦးလျှင် တစ်ဧကမှ ၁၀ ဧကထိ စိုက်ပျိုးကြကြောင်း၊ ယခုနှစ် စိုက်ပျိုးထားသည့် နာနတ်သီးများ အရည်အသွေးကောင်းမွန်နေကြောင်း ၎င်းက ဆက်လက် ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News