Local News

မြန်မာထွက်ကုန် ဆီးသီးမှထွက်ရှိသော ဆီးဆန်များ တရုတ်နိုင်ငံ၏ ဝယ်လိုအား ကြောင့် ဈေးနှုန်းများမြင့်တက်

Last Updated:

ယခုရက်ပိုင်းအတွင်း မန္တလေးဈေးကွက်အတွင်း၌ မြန်မာထွက်ကုန်ဆီးသီးမှ ထွက်ရှိသော ဆီးဆန်များ တရုတ်နိုင်ငံ၏ ဝယ်လိုအားကောင်းမွန်နေခြင်းကြောင့် ဈေးနှုန်းများမြင့်တက်နေကြောင့် မန္တလေးမြို့ရှိ ကုန်သည်များထံမှ သိရသည်။

ဈေးကောင်းရရှိ

အဆိုပါမြန်မာထွက်ကုန် ဆီးသီးများမှာ ဆီးချိုသီး၊ ဆီးချဉ်သီးနှင့် ထိုင်ဝမ်ဆီးသီးဟူ၍ သုံးမျိုးရှိကြောင်း၊ ယင်းဆီးဆန်များကို ဆီးချဉ်သီးမှသာ ကြိတ်ခွဲပြီးထုတ်လုပ်ရရှိကြောင်း၊ ထိုဆီးဆန်များသည် ပေါ်ဦးပေါ်ဖျား မတ်လအတွင်းက တစ်ပိဿာလျှင် ငွေကျပ် ၂၄၀၀၀ ဈေးသာရရှိခဲ့ရာမှ ယခုဩဂုတ်လ တတိယပတ်တွင် ဆီးဆန်တစ်ပိဿာလျှင် ငွေကျပ် ၇၀၀၀၀ ဈေးထိရောက်ရှိကာ ဈေးနှုန်းမှာ အဆမတန်ဈေးမြင့်တက်နေပြီး ဈေးကောင်းရရှိနေကြောင်း မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။

“ယခုနှစ် ဆီးသီးရာသီမှာ ဆီးသီးမှ ကြိတ်ခွဲထုတ်လုပ်လိုက်တဲ့ ဆီးဆန်တွေဟာ တရုတ်ပြည်ဝယ်လိုအားကြောင့် စံချိန်တင်မြင့်တက်နေတယ်။ ဆီးဆန်က မြန်မာပြည် ဈေးကွက်အတွင်းမှာ အသုံးဝင်မှု အသုံးချမှုရှိတယ်လို့ မတွေ့ရပါဘူး။ အဲဒီဆီးဆန်တွေကို တရုတ်ပြည်ဈေးကွက်မှာ ဆေးဝါးထုတ်လုပ်တယ်လို့ ကြားသိရပါတယ်။ ဒါကြောင့် တစ်ကြိမ်တစ်ခါမျှ မကြုံဖူးတဲ့ဈေးနှုန်း အံ့ဖွယ်ဈေးတွေနဲ့ ရရှိနေပါတယ်။ ဆီးဆန်တွေဟာ မြန်မာထွက်ကုန်ထဲမှာ ထိပ်တန်းမြောက်နေတဲ့ ပို့ကုန်ပစ္စည်းတစ်ခုအနေနဲ့ ရောက်ရှိလာပါတယ်။ အခုဆို ဈေးကောင်းရတဲ့အပြင် အသေးစားစက်မှုလုပ်ငန်းတွေလည်း လည်ပတ်နေရတယ်။ လုပ်သားတွေလည်း အလုပ်အကိုင်တွေ ရရှိကြပါတယ်။ ဈေးကောင်းနေတာကြောင့် ဆီးချဉ်သီးပင်ဟာ အလေ့ကျပေါက်တာကနေ အခင်းပြတ်စိုက်ကြဖို့ အကြံပြုပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။

ကြိတ်ခွဲပြုလုပ်နေ

အဆိုပါ ဆီးချဉ်သီးသည် နွေဦးရာသီတွင် စပေါ်လေ့ရှိပြီး တစ်နှစ်လျှင် တစ်ခါသာပေါ်သည့် သီးနှံဖြစ်ကြောင်း၊ ယင်းဆီးချဉ်ပင်သည် သဲဆန်သောမြေများ၊ ပူအိုက်သော ရာသီဥတုများတွင် အလေ့ကျပေါက်ရောက်ပြီး မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့တွင် အများဆုံးပေါက်ရောက်ကြောင်း၊ ဆီးခွဲစက်များအနေဖြင့် ရေနံချောင်း၊ ချောက်၊ မလိုင်၊ တောင်သာ၊ မိတ္ထီလာ စသည့်မြို့များတွင် ဆီးခွဲစက်ထောင်ကာ ကြိတ်ခွဲပြုလုပ်နေကြောင်း သိရသည်။

Source: ကြေးမုံသတင်းစာ

Category: Local News