International News

ကမ္ဘောဒီးယားအနေဖြင့် သီဟိုဠ်‌စေ့တင်ပို့မှုမှ ကန်ဒေါ်လာ ၈၃၀သန်းခန့်ရရှိ

Last Updated:

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၃ ခုနှစ်၏ ပထမ ၁၀ လတာကာလအတွင်း၌ သီဟိုဠ်စေ့အဆန်များကို ပြည်ပဈေးကွက်များသို့ တန်ချိန် ၆၁၀၀၀၀ ကျော်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်‌ဒေါ်လာ ၈၃၁ သန်းရရှိခဲ့ကြောင်း နိုဝင်ဘာလ ၂၉ ရက်နေ့၌ထုတ်ပြန်ခဲ့သော ကမ္ဘောဒီးယားသီဟိုဠ်စေ့လုပ်ငန်းရှင်များအသင်း (Cambodian Cashew Association - CCA) ၏ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလကာလအတွင်း၌ သီဟိုဠ်စိုက်ပျိုးထွက်ရှိမှုမှာ တန်ချိန် ၆၅၁၀၀၀ ရှိခဲ့ကြောင်း၊ ပြည်တွင်း၌ စီမံပြုပြင်ထုပ်ပိုးခြင်းဆိုင်ရာပံ့ပိုးမှုများနည်းပါးခြင်း ကြောင့် ပြည်ပဈေးကွက်များသို့ တန်ချိန် ၆၁၀၀၀၀ ကျော်သာတင်ပို့လျက် အမေရိကန်‌ဒေါ်လာ ၈၃၁ သန်းခန့်ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူအောက် ၁၆.၇% လျော့ကျတင်ပို့ခဲ့ခြင်းဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံသို့ အများဆုံးတင်ပို့နိုင်ခဲ့ကြောင်းဖြင့် အဆိုပါအစီရင်ခံစာ၌ ဖော်ပြပါသည်။

ကမ္ဘောဒီးယားနိုင်ငံ၌ နေရာဒေသများစွာတွင် သီဟိုဠ်စိုက်ပျိုးမှုကိုလုပ်ကိုင်လျက်ရှိပြီး လက်ရှိကာလ၌ စိုက်ပျိုးဧရိယာဟက်တာ ၇ သိန်းခန့် ရှိကြောင်းသိရှိရသည်။ CCA ၏ဥက္ကဋ္ဌ Uon Siloth က ရာသီဥတုပြောင်းလဲမှုနှင့် ဈေးနှုန်းများကျဆင်းမှုကြောင့် လယ်သမားများသည် သီဟိုဠ်စိုက်ပျိုးမှုဧရိယာကို လျှော့ချလုပ်ကိုင်လာကြသဖြင့် ထုတ်လုပ်မှုကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုပါသည်။

စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးမွေးမြူရေးဆိုင်ရာ ဝန်ကြီးဌာန၏ ဒုတိယအတွင်းဝန် Touch Bun Hour က ဝန်ကြီးဌာနအနေဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်များလျှော့ချနိုင်ရေးအတွက် သက်ဆိုင်ရာအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ပိုမိုကောင်းမွန်သော ဈေးကွက်များရရှိနိုင်ရန်အတွက် အရည်အသွေး၊ ဘေးကင်းစိတ်ချရမှု၊ စံသတ်မှတ်ချက်များနှင့် မူဝါဒများကို အထူးဂရုပြုရမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ သီဟိုဠ်စေ့ပြုပြင်ထုပ်ပိုးခြင်းသည် ထုတ်လုပ်မှု၏ ၅%မှ ၁၀%အကြားသာရှိကြောင်း၊ အခြားသောသီဟိုဠ်စေ့အဆန်အစို ၉၀% ကို ကုန်ကြမ်းများအဖြစ် ပြည်ပဈေးကွက်များသို့ တင်ပို့နေရခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ နိုင်ငံအတွက် တန်ဖိုးမြှင့်ထုတ်ကုန်များကို ဆုံးရှုံးရကြောင်း ပြောကြားခဲ့သည်။       

လက်ရှိကာလတွင် သီဟိုဠ်စေ့ အဆန်ခြောက်များ၏ ပျမ်းမျှဈေးနှုန်းမှာ တစ်တန်လျှင် ဒေါ်လာ ၁၇၀၀ မှ ဒေါ်လာ ၁၉၀၀ အကြားရှိကြောင်း၊ ဒုတိယအတွင်းဝန် Bun Hour ၏ ပြောကြားမှုအရ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် သီဟိုဠ်စိုက်ပျိုးနိုင်သည့် မြေဧရိယာမှာ ဟက်တာပေါင်း ၂.၃၈ သန်းခန့်ရှိကြောင်း၊ အဆိုပါသီဟိုဠ်သီးနှံသည် အစိုးရအတွက် မဟာဗျူဟာကျသောသီးနှံဖြစ်၍ အထူးအလေးပေးဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။

ကမ္ဘောဒီးယားအစိုးရသည် အဓိကမဟာဗျူဟာရည်မှန်းချက် ၃ ခုဖြစ်သည့် ထုတ်လုပ်မှု၊ ပြုပြင်ထုပ်ပိုးမှုနှင့် တင်ပို့မှုမဟာဗျူများကို အလေးပေးထားသည့် လမ်းပြမြေပုံတစ်ခုဖြစ်သော အမျိုးသားအဆင့် သီဟိုဠ်မူဝါဒ (၂၀၂၂-၂၀၂၇) ကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ၂၀၂၁ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ သီဟိုဠ်စေ့ထုတ်လုပ်မှုမှာ တန်ချိန် ၅ သန်းရှိသည့် အနက် ကမ္ဘောဒီးယားအနေဖြင့် ၁.၁၈ သန်းဖြင့် အကြီးမားဆုံးထုတ်လုပ်သူဖြစ်ခဲ့ကြောင်း၊ ၂၀၂၂ နှစ်တွင် တန်ချိန် ၆၉၀၀၀၀ တန်ထုတ်လုပ်နိုင်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ဒုတိယအဆင့်သာဖြစ်ခဲ့ကြောင်း၊ ကမ္ဘောဒီးယားမှ သီဟိုဠ်စေ့ကို ဗီယက်နမ်၊ ထိုင်း၊ ဂျပန်၊ ရုရှား၊ တရုတ်၊ ဟောင်ကောင်၊ ပြင်သစ်၊ ကိုရီးယား၊ တူရကီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့  တင်ပို့ခြင်းဖြစ်ကြောင်းသိရှိရသည်။

Source: Khmer Times, 30 Nov 2023

Source: https://www.doca.gov.mm

Category: International News