International News

မလေးရှား၏ စားအုန်းဆီ တစ်လအထွက်ပမာဏ ခန့်မှန်းချက်ထက်လျော့နည်းနိုင်

Last Updated:

မလေးရှားစားအုန်းဆီကုန်သည်များက လကုန်သည်အထိထွက်ရှိမည့် တစ်လစာခန့်မှန်းအထွက်နှုန်းများကို စောင့်ကြည့်ဆဲဖြစ်ပြီး အနာဂတ်မလေးရှားစားအုန်းဆီဈေးနှုန်းအနေဖြင့် ရင်းဂစ်တန်ဖိုးကျဆင်းခြင်းနှင့်  စားအုန်းဆီပိုမိုထုတ်လုပ်သူအင်ဒိုနီးရှားထံမှ ပိုမိုကောင်းမွန်သောကမ်းလှမ်းမှုများရှိလာခြင်းတို့ကြောင့် (၂၉-၁၁-၂၀၂၃) ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင် ဈေးနှုန်းကျဆင်းခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

ဖေဖော်ဝါရီလတွင် ပို့ဆောင်ရမည့် စားအုန်းဆီအတွက် အရောင်းအဝယ်စာချုပ် (FCPOc 3) ၌ စားအုန်းဆီတစ်တန်လျှင် မလေးရှားရင်းဂစ်၃၈၆၆ (အမေရိကန်ဒေါ်လာ၈၃၁.၄၉) ဖြစ်ပြီး ၃၁ရင်းဂစ် (ရာခိုင်နှုန်းအားဖြင့် ၀.၈၀%) ခန့်ကျဆင်းသွားကာ နိုဝင်ဘာလ ၁၀ ရက်နေ့နောက်ပိုင်း၌ အနိမ့်ဆုံးအပိတ်ဈေးနှုန်းဖြစ်ကြောင်း မလေးရှားဘာဆာကုန်စည်ဒိုင် (Bursa Malaysia Derivatives Exchange) မှ အချက်အလက်တွင်ဖော်ပြထားကြောင်းသိရှိရပါသည်။

ဈေးကျဆင်းရခြင်း၏ အဓိကအကြောင်းရင်းမှာ ကမ္ဘာ့အကြီးဆုံးစားအုန်းဆီထုတ်လုပ်တင်ပို့ရောင်းချသည့် အိမ်နီးချင်းအင်ဒိုနီးရှားမှ ရောင်းချလိုမှုကမ်းလှမ်းချက်များပြားလာမှုကြောင့် ဖြစ်ကြောင်း ဆီလန်ဂေါအခြေစိုက် အကျိုးဆောင်အဖွဲ့တစ်ခုဖြစ်သည့် Pelindung Bestari မှ ဒါရိုက်တာ Mr. Paramalingam Supramaniam က ပြောကြားခဲ့ပါသည်။

အိန္ဒိယနိုင်ငံ၌ စားအုန်းဆီဝယ်လိုအားမြင့်တက်လာပြီး တရုတ်နိုင်ငံတွင်လည်း စျေးနှုန်းချိုသာခြင်းကြောင့် ပုံမှန်ဝယ်ယူမှုရှိနေကြောင်း မွမ်ဘိုင်းအခြေစိုက် ဟင်းသီးဟင်းရွက်ဆီကုန်သည်ပွဲစားအဖွဲ့ Sunvin Group မှ သုတေသနအကြီးအကဲ Mr. Anilkumar Bagani က ပြောကြားခဲ့ပါသည်။

မ‌လေးရှား ရင်းဂစ်တန်ဖိုးက တစ်ဒေါ်လာအပေါ် ၀.၄၄% တက်လာပြီး နိုင်ငံခြားငွေကိုင်ဆောင်ထားသော ဝယ်သူများအတွက် ကုန်ပစ္စည်းအား စျေးကြီးပေးရသကဲ့သို့ ဖြစ်စေပါသည်။ အခြားသောစားသုံးဆီများအနက် တရုတ်နိုင်ငံ Dalian ဈေးကွက်၏ ပဲပုပ်ဆီစာချုပ် (DBYcv1) တွင် ဈေးနှုန်း ၀.၆၃%ကျဆင်းခဲ့ပြီး ၎င်း၏ စားအုန်းဆီစာချုပ် (DCPcv1) သည် ၂.၁၁% ကျဆင်းခဲ့ပါသည်။ ချီကာဂို ကုန်သွယ်ရေးဘုတ်အဖွဲ့တွင် ပဲပုပ်ဆီ (BOcv1) စျေးနှုန်းများသည် ၀.၆၂%ကျဆင်းခဲ့ကြောင်းဖော်ပြပါရှိပါသည်။ စားအုန်းဆီသည် ကမ္ဘာ့စားသုံးဆီဈေးကွက်တွင် ဈေးကွက်ဝေစုပါဝင်နေခြင်းကြောင့် အခြားစားသုံးဆီများ၏ ဈေးနှုန်းပြောင်းလဲမှုက စားအုန်းဆီဈေးနှုန်းအပေါ် သက်ရောက်မှုဖြစ်ပေါ် လျက်ရှိပါသည်။

လာမည့်လများအတွင်း ရေနံထုတ်လုပ်မည့်ပမာဏအတွက် မူဝါဒကိုအဆုံးအဖြတ်ပေးနိုင်ရန်   (၃၀-၁၁-၂၀၂၃) ရက်နေ့(ကြာသပတေးနေ့)တွင် ကျင်းပပြုလုပ်မည့် OPEC+ အစည်းအဝေးမတိုင်မီ ရင်းနှီးမြှုပ်နှံသူများက သတိပြု‌ဆောင်ရွက်လျက်ရှိပြီး ပင်လယ်နက်၌ မုန်တိုင်းကျရောက်မှုက ကုန်ပစ္စည်းထောက်ပံ့ပို့ဆောင်ရေးပြတ်တောက်မှုဖြစ်ပေါ်ခဲ့ခြင်းကြောင့် ရေနံစျေးနှုန်းများမြင့်တက်လာခဲ့ကြောင်း ဖော်ပြထားပါသည်။ အနာဂတ်ရေနံစိမ်းဈေးနှုန်းပိုမိုမြင့်တက်လာဖွယ်အခြေအနေများက စားအုန်းဆီကို ဇီဝဒီဇယ်ထုတ်လုပ်ခြင်းအတွက် ပိုမိုဆွဲဆောင်မှုရှိလာပြီး ရွေးချယ်မှုတစ်ခုဖြစ်လာစေကြောင်း NASDAQ  သတင်းဌာန၏ ဖော်ပြချက်အရသိရှိရပါသည်။

Source: NASDAQ, 29 Nov 2023

Source: https://www.doca.gov.mm

Category: International News