Local News

ပို့ကုန်ပဲများနှင့်အတူ ပြည်တွင်းသုံး ပဲမာလိုင်းများ ဈေးမြင့်တက်လာ

Last Updated:

ပို့ကုန်ပဲများ ဈေးမြင့်တက် လာတာနှင့်အတူ အသစ်ဝင် ပြည်တွင်းသုံး ပဲမာလိုင်းများလည်း စံချိန်တင် ဈေးမြင့်တက်လာ ကြောင်း ပဲ၊ နှမ်း ကုန်သည်များထံမှ သိရသည်။ ပို့ကုန်မူဝါဒ အပြောင်းအလဲကြောင့် ပို့ကုန်သမားများ အဆင်ပြေလာသလို အိန္ဒိယနိုင်ငံ၏ ပဲလိုအပ်ချက်နှင့် ဝယ်လိုအား မြင့်တက်လာမှုကြောင့် ၂၀၂၄ ခုနှစ် ပဲသစ်ရာသီတွင် ပဲ၊ နှမ်းဈေး ကွက်တစ်ခုလုံး အမြင့်ဈေးများဖြင့် အရောင်းအဝယ်ကောင်းနေပြီး အချို့ပဲများမှာ စံချိန်တင်ဈေးထိ  မြင့်တက်လာသည့် သီတင်းပတ်ဖြစ်လာခြင်း ဖြစ်သည်။

ပို့ကုန် ပဲစင်းငုံနှင့် မတ်ပဲမှာ မနက်တစ်ဈေး၊ ညနေတစ်ဈေးဖြင့် ယခုသီတင်းပတ်အတွင်း ဈေးမြင့်တက်လာရာ စံချိန်တင် ပေါက်ဈေးဖြစ်လာကြောင်း ပို့ကုန် ပဲများနှင့်အတူ ပဲမာလိုင်းများ ဖြစ်သည့် ပဲကြီး၊ မြေထောက်ပဲ တို့မှာလည်း ဝယ်လိုအားကောင်း ဈေးမြင့်တက်လာကြောင်း ထို့အပြင် မြေထောက်ပဲမှာ တရုတ်ဝယ်လက်နှင့် အိန္ဒိယဝယ်လက်တို့ အဝယ်စုံနေတာကြောင့် ယခု သီတင်းပတ်တွင် မြေထောက်ပဲ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၆၅၀၀၀ အထိ စံချိန်တင် ပေါက်ဈေးဖြစ်လာကြောင်း လက်ရှိ ပဲ၊ နှမ်း ဈေးကွက်တွင် အသစ်ဝင် ပဲများ၊ ပို့ကုန်ပဲများ အရောင်းအဝယ်ကောင်းနေပြီး အမြင့်ဈေး တွေဖြစ်နေတာကြောင့် လှောင်လက်သမားများ စောင့်ကြည့် နေရသည့် ပဲ၊ နှမ်းဈေးကွက် ဖြစ်နေကြောင်း နှမ်းမျိုးစုံနှင့် မြေပဲဆန်တို့မှာလည်း  အရောင်းအဝယ်သွက်နေကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။

"ပို့ကုန်ပဲတွေအားလုံး အမြင့်ဆုံး စံချိန်တင်ဈေးတွေ ဖြစ်လာသလို ပြည်တွင်းအသစ်ဝင် ပဲမာလိုင်းတွေလည်း စံချိန်တင် ဈေးကောင်းလာပါတယ်။ ပဲစင်းငုံမှာ ဝယ်လိုအားအရမ်းကောင်းနေပြီး  လှောင်လက်သမားများ နောက်ဆုတ်နေရသည့်အခြေအနေဖြစ်ပါတယ်။ ယခု သီတင်းပတ်ထဲမှာ မနက်တစ်ဈေး၊ ညနေတစ်ဈေး အချိန်နှင့်အမျှ ဈေးမြင့်တက်နေ တာပါ။ ဒုတိယ ဈေးကောင်းတာက မြေထောက်ပဲဖြစ်ပြီး ဇန်နဝါရီလဆန်းပိုင်းက စတင်ပေါ်လာသည့် မြေထောက်ပဲမှာ တစ်အိတ်လျှင် ငွေကျပ် ၃၂၀၀၀၀ ပေါက် ဈေးရှိခဲ့ပေမယ့် လက်ရှိတွင် ငွေကျပ် ၃၆၅၀၀၀ အထိ ပေါက်ဈေးဖြစ်လာပါတယ်။ မြေထောက်ပဲကတော့ တရုတ်ဝယ်လက်နှင့် အိန္ဒိယဝယ်လက် စုံနေလို့ ဈေးကောင်းလာတာပါ။ အသစ်ဝင် ပဲမာလိုင်းထဲမှာ ပဲထောပတ်နှင့် ပဲကြီးတို့လည်း ဈေးကောင်းလာ ပါတယ်။ ပဲနှမ်းဈေးကွက်တစ်ခု လုံးကတော့ လက်ရှိပေါက်ဈေးတွေအတိုင်း ဈေးကျဆင်းစရာ မရှိပါဘူး။ ပဲသစ်ရာသီအဝင်ရှိလာသော်လည်း  လှောင်သမားများ စောင့်ကြည့်နေရသည့်အခြေအနေ ဖြစ်ပါတယ်" ဟု၎င်းက ပြောသည်။

ဇန်နဝါရီလ ၂၄ ရက်တွင် မတ်ပဲတစ်အိတ်လျှင်  ငွေကျပ် ၂၈၆၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင်  ငွေကျပ် ၃၅၅၀၀၀ ပေါက်ဈေး ရှိလာသည်။ ပဲတီစိမ်းအညာ တစ်အိတ်လျှင်  ငွေကျပ် ၁၉၅၀၀၀ ပေါက်ဈေးဖြင့် ဈေးမြင့်တက်လာသည်။ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ အနည်းငယ်ဈေးကျဆင်းနေပြီး ဇန်နဝါရီလ ၂၄ ရက်တွင် ကုလားပဲ V2  တစ်အိတ်လျှင် ငွေကျပ် ၃၀၃ယ၀၀၀၊ V7 တစ်အိတ်လျှင် ငွေကျပ် ၃၁၀၀၀၀၊ ထိုင်ဝမ်ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၈၀၀၀၀၊ ၉၂၉  ကုလားပဲတစ်အိတ်လျှင် ငွေကျပ်  ၂၈၂၀၀၀ ပေါက်ဈေးဖြင့် ဈေးကျဆင်းသွားသည်။

ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၂၀၀၀၀၊ ပဲထောပတ် တစ်အိတ်လျှင် ငွေကျပ် ၄၇၅၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၆၅၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ်  ၃၅၀၀၀၀၊  ကနေဒါစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ်၂၆၂ ၀၀၀၊ မြေပဲ အနီလုံးဆန်(မြင်းမူ) တစ်ပိဿာလျှင် ငွေကျပ် ၈၂၀၀-၈၃၀၀ ပေါက်ဈေး မြင့်တက်လာသည်။ ဇန်နဝါရီလ ၂၄ ရက်တွင် နှမ်းဖြူ(ဂျပန်)၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၄၀၀၀၀၀၊ နှမ်းညို  တစ်အိတ်လျှင် ငွေကျပ် ၃၀၅၀၀၀၊ နှမ်းဝါတစ်အိတ်လျှင် ငွေကျပ် ၃၂၀၀၀၀၊ နှမ်းနက်စမုန် တစ်အိတ်လျှင် ငွေကျပ် ၃၉၀၀၀၀ အသီးသီးပေါက်ဈေး ရှိနေကြောင်းသိရသည်။

Source: မကွေးဂျာနယ်

Category: Local News