Local News

ဆားကြမ်းထုတ်လုပ်မှုကုန်ကျစရိတ်မြင့်တက်လာလို့ တစ်ပိဿာကို ၂၀၀ ကျပ်ရဖို့လိုအပ်

Last Updated:

ယခုနှစ် ဆားကြမ်းထုတ်လုပ်မှုမှာ ကုန်ကျစရိတ်နှုန်းတွေမြင့်တက်လာတာကြောင့် တစ်ပိဿာကို ၂၀၀ ကျပ်လောက်ရမှသာ ဆားလုပ်ငန်းလုပ်ကိုင်သူတွေအဆင်ပြေနိုင်မယ့်အခြေအနေရှိတယ်လို့သိရပါတယ်။ ဒီနှစ်ဆားကြမ်းထုတ်လုပ်ရာမှာ အလုပ်သမားငှားရမ်းခနှုန်းထားတွေ တက်လာသလို စက်သုံးဆီနှုန်းထားတွေမြင့်တက်လာခြင်း စတဲ့အထွေထွေကုန်ကျရိတ်တွေမြင့်တက်လာတာဖြစ်ပါတယ်။ 

"စရိတ်ကတက်တယ်၊ စက်သုံးဆီလည်းဈေးကလည်း မနှစ်ကထက်ကိုတက်တယ်၊ အလုပ်သမားငှားခကလည်းအရင်ကထက် ၂၀၀၀ လောက်တက်ရတယ်။ စရိတ်ကုန်ကျမှုအတိအကျကိုတော့ ဆားရာသီသိမ်းမှ သေချာသိရမယ်။ အရင်နှစ်ကထပ်တော့ ကုန်ကျစရိတ်ပိုတယ်။ ဆားားကွင်းအနေအထားပေါ်လိုက်ပြီး ကုန်ကျမှုလည်းကွာတယ်" လို့ မွန်ပြည်နယ်၊ ပငကျေးရွာ ဆားလုပ်ငန်း လုပ်ကိုင်သူဦးနိုင်ဟုကပြောပါတယ်။ 

အရင်နှစ်က ဆားကြမ်းထုတ်လုပ်မှုကုန်ကျစရိတ်အနေနဲ့ တစ်ပိဿာကို ၁၃၅ ကျပ်မှ ၁၃၈ ကျပ် ရှိပြီး ခုနှစ်မှာတော့ ကုန်ကျစရိတ်က တစ်ပိဿာကို အနည်းဆုံး  ၁၅၀ ကျပ်လောက်ရှိနိုင်ပြီး အကျိုးအမြတ်ရှိမရှိ ၊ အရင်းအနှီးကုန်ကျမှု အတိအကျကတော့ ဆားကြမ်းထုတ်လုပ်မှာရာသီသိမ်းပြီးမှသာ တွက်ချက်သိရှိနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ "ကုန်ကျစရိတ်တက်တာမှန်ပေမယ့် ဘယ်လောက်ကျမလဲဆိုတာကတော့ ဆားရာသီကုန်ချိန် သိမ်းပြီးမှ  ဆားအထွက်နူန်းနဲ့ တစ်နှစ်ပတ်လုံးကုန်ကျမှုကိုတွက်ချက်ပြီးမှ တစ်ပိဿာ ကုန်ကျမှုအတိကျသိရမယ်၊ မနှစ်က ၁၃၈ ကျပ်ထက်တော့ ပိုမှာပါ " လို့ သူကထပ်မံရှင်းပြပါတယ်။ 

ဆားကြမ်းထုတ်လုပ်မှုကုန်ကျစရိတ်နှုန်းသာ မြင့်တက်လာပေမယ့် ဆားကြမ်းစျေးနှုန်းကတော့ တစ်ပိဿာကို ၁၆၅ ကျပ်သာစျေးပေါက်နေတဲ့အတွက် ဆားကွင်းလုပ်ကိုင်သူထဲမှာ ရပ်နားသူအချို့လည်းရှိတယ်လို့သိရပါတယ်။ ပြည်တွင်းကထွက်ရှိတဲ့ဆားကြမ်းကို ပြည်ပတင်ပို့ရောင်းချနိုင်ခြင်းမရှိတာကြောင့်  ပြည်တွင်းမှာပဲ အဓိကစားသုံးရတာဖြစ်လို့ ဆားကြမ်းထုတ်လုပ်မှုများပါက ဆားကြမ်းစျေးကျဆင်းနိုင်ပြီး ဆားကြမ်းထုတ်လုပ်မှုလျော့ကျပါက ဆားကြမ်းစျေးက မြင့်တက်လာနိုင်တယ်လို့သိရပါတယ်။ ဆားကွင်းလုပ်ငန်းကို ဧရာဝတီတိုင်းမှာ အဓိကလုပ်ကိုင်ပြီး အထွက်နှုန်းအနေနဲ့  တစ်နိုင်ငံလုံးရဲ့ဆား ကြမ်းထွက်အား ၈၀ ရာခိုင်နူန်းရှိပြီး မွန်ပြည်နယ်က ၁၂ ရာခိုင်နူန်း၊ ရခိုင်ပြည်နယ်က ၆ ရာခိုင်နူန်း နဲ့ ကျန်တဲ့ ၂ ရာခိုင်နှုန်းကတော့ ထားဝယ်အပါအဝင်နေရာအချို့မှာ လုပ်ဆောင်ကြတယ်လို့သိရပါတယ်။ 

Source: (AMIA) 

Source: Awba

Category: Local News