International News

ဂျပန်နိုင်ငံသို့ မြန်မာ့ကော်ဖီ ဈေးကွက်ထိုးဖောက်နိုင်ရေး

Last Updated:

ဂျပန်နိုင်ငံသို့ စားသောက်ကုန်များနှင့်ဆက်စပ်သည့် ကုန်စည်များအား တင်ပို့ရာတွင် ဂျပန်နိုင်ငံ၏ စားသောက်ကုန် သန့်ရှင်းရေးအက်ဥပဒေ (Food Sanitation Act) ပုဒ်မ ၂၇ အရ Notification Form For Importation of Foods ကို ဂျပန်နိုင်ငံ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသို့ ကြိုတင်တင်ပြရန် လိုအပ်မည် ဖြစ်ပါသည်။ ဂျပန်နိုင်ငံသို့ တင်သွင်းလာသည့် စားသောက်ကုန်နှင့်ဆက်စပ်သည့် ကုန်စည်များကို ဂျပန်နိုင်ငံ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန Quarantine Station ရှိ စစ်ဆေးရေး အရာရှိက အောက်ပါတို့ကို စစ်ဆေးသွားမည် ဖြစ်ပါသည် -

          (က)    တင်ပို့လာသည့်နိုင်ငံ

          ( ခ )   ကုန်စည်အမျိုးအစား

          ( ဂ )   ထုတ်လုပ်တင်ပို့သူ

          (ဃ)    ထုတ်လုပ်သည့်နေရာ

          ( င )   ကုန်စည်တွင် ပါဝင်သည့်ပစ္စည်းများ

          ( စ )   ထုတ်လုပ်မှုနည်းစနစ်များ

          (ဆ)    ထပ်ဖြည့်ပစ္စည်း(Additives) သုံးစွဲမှု အခြေအနေ

          ( ဇ )   စားသောက်ကုန် သန့်ရှင်းရေးအက်ဥပဒေပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထုတ်လုပ် ထားခြင်း ရှိ/မရှိ

          (ဈ)     ဂျပန်နိုင်ငံ၏ စံသတ်မှတ်ချက်များနှင့်အညီ အစားအသောက် ထပ်ဖြည့်ပစ္စည်း (Food Additives) များကို သုံးစွဲထားခြင်း ရှိ/မရှိ

          (ည)    အဆိပ်အတောက်၊ အန္တရာယ်ဖြစ်စေသော အရာများ ပါဝင်မှု ရှိ/မရှိ

          (ဋ)     ထုတ်လုပ်သူနှင့်ထုတ်လုပ်သည့် နေရာဒေသတို့သည် ယခင်က သန့်ရှင်းမှုဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်ခဲ့မှု ရှိ/မရှိ

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများစာရင်း (LDC) တွင် ပါဝင်သည့် အားလျော်စွာ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် ဂျပန်နိုင်ငံသို့ တင်ပို့ခွင့် ရရှိမည် ဖြစ်ပါသည်။ ဂျပန်နိုင်ငံသို့ ကော်ဖီတင်ပို့ရန်အတွက် သီးခြားမှတ်ပုံတင်ခြင်း ဆောင်ရွက်ရန် မလိုအပ်ပါ။ ဂျပန်နိုင်ငံသို့ ကော်ဖီတင်ပို့ရာတွင် ဂျပန်နိုင်ငံ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက သတ်မှတ်ထားသော အများဆုံးခွင့်ပြုထားသည့် ပိုးသတ်ဆေး ဓာတ်ကြွင်း ပမာဏဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ တင်ပို့ရမည် ဖြစ်ပါသည်။

ဝယ်ယူသူများ၏ အလေ့အထနှင့်ဓလေ့စရိုက်များကို နားလည်သိရှိစေရန်အတွက် On Ground Team ဖွဲ့စည်းထားရှိမည်ဆိုပါက ပိုမို၍ ဈေးကွက်ဝင်ဆံ့နိုင်မည် ဖြစ်ပါသည်။ လုပ်ငန်းများအနေဖြင့် On Ground Team မထားရှိနိုင်ပါက On Ground Team ရှိပြီးသား လုပ်ငန်းများနှင့် ချိတ်ဆက်၍ မိမိကုန်စည်များ ထိုးဖောက်နိုင်ရေး ဆောင်ရွက်ခြင်းသည် ဈေးကွက်ကို ပိုမိုလျင်မြန်စွာ ထိုးဖောက်နိုင်မည်ဖြစ်ပါသည်။

ဂျပန်ဈေးကွက်သို့ မြန်မာ့ကော်ဖီများ လျင်မြန်စွာဖြင့် ဈေးကွက်ထိုးဖောက်နိုင်ရေးနှင့်  ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးအတွက် နှစ်ပေါင်းများစွာ အချိန်ယူ၍ ဂျပန်ပြည်သူများထံမှ ယုံကြည်မှုရယူ တည်ဆောက်ထားပြီးဖြစ်သော ကော်ဖီဆိုင်များ၊ သကြားလုံးနှင့် မုန့်ထုတ်သည့် လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဈေးကွက်ထိုးဖောက်ခြင်းသည် ပိုမိုထိရောက်သော နည်းလမ်းဖြစ်ကြောင်း သုံးသပ်ရပါသည်။

ထို့ပြင် ကော်ဖီ ချောကလက်၊ ကော်ဖီဂျယ်လီစသည့် ကော်ဖီ ပေါင်းစပ်ထုတ်ကုန်များ တီထွင်ဆန်းသစ်ထုတ်လုပ်တင်ပို့ခြင်းဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ရေး ဆောင်ရွက်သင့်ပါသည်။ Virtual ဖြစ်စေ၊ Physical ဖြစ်စေ မြန်မာ့ ကော်ဖီပြပွဲများ ကျင်းပခြင်းနှင့် မြန်မာ့ကော်ဖီကို  အခမဲ့မြည်းစမ်းနိုင်ရန် ဆောင်ရွက်ပေးခြင်း၊ နိုင်ငံတကာပြပွဲများတွင် မြန်မာကော်ဖီ ဝင်ရောက် ပြသ၍ ဈေးကွက်ထိုးဖောက်နိုင်ရေး ဆောင်ရွက်ခြင်း၊ ကော်ဖီထုတ်လုပ် တင်ပို့မှု တိုးမြှင့်နို်ငရေး အတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းတို့ ဆောင်ရွက်သင့်ပါသည်။

Source: ဒေါ်သူဇာဖြိုး၊ စီးပွားရေးသံမှူး(တိုကျို)

Category: International News