International News

အမေရိကန်နိုင်ငံ၏ ကော်ဖီဈေးကွက်အလားအလာ

Last Updated:

အမေရိကန်နိုင်ငံ၏ ကော်ဖီဈေးကွက်သည် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ(၂၇.၀၆) ဘီလီယံရှိပြီး ၂၀၂၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၃၂.၄၄) ဘီလီယံသို့ ရောက်ရှိမည်ဟု ဈေးကွက် လေ့လာရေးသုတေသနအဖွဲ့ဖြစ်သည့် Mordor Intelligence က ခန့်မှန်းထားပြီး ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ဝေသည့် အမေရိကန်အလုပ်သမားဝန်ကြီးဌာန၏ စစ်တမ်းဖော်ပြချက်အရ အမေရိကန်နိုင်ငံသားများ၏ တစ်နေ့တာကော်ဖီသောက်သုံးမှုသည် ဖျော်ရည်သောက်သုံးမှုထက်ပို၍ များပြားကြောင်း၊ အမေရိကန်နိုင်ငံ၏ အမျိုးသားကော်ဖီအသင်းက ၂၂-၁၀-၂၀၂၃ ရက်တွင် ထုတ်ဝေသည့် အစီရင်ခံစာ၌ ၂၀၂၂ ခုနှစ်အတွင်း အမေရိကန်နိုင်ငံသားများ၏ ကော်ဖီသောက်သုံးမှု အတွက်အသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ (၁၁၀) ဘီလီယံအထိရှိကြောင်းနှင့် ကော်ဖီလုပ်ငန်းများသည် အမေရိကန်နိုင်ငံ၏ အလုပ်အကိုင်ပေါင်း (၂.၂) သန်းနှင့် လုပ်ခလစာပေါင်း အမေရိကန် ဒေါ်လာ (၁၀၀) ဘီလီယံကျော်အထိ ပံ့ပိုးပေးထားသည်ဟု ဖော်ပြထားကြောင်း တွေ့ရှိရပါသည်။ အမေရိကန်နိုင်ငံသား အရွယ်ရောက်ပြီးသူ (၇၂)ရာခိုင်နှုန်းခန့် ကော်ဖီသောက်သုံးကြပြီး သောက်သုံးသည့် ကော်ဖီသည်အဆင့်အတန်းမြင့်သည့် ကော်ဖီဆိုင်များမှ အရည်အသွေးကောင်းမွန်သည့် ကော်ဖီသောက်သုံးမှု များပြားလာခဲ့သော်လည်း အသင့်ဖျော်သောက်နိုင်သည့် ကော်ဖီထုတ်များလည်း နိုင်ငံတစ်ဝှမ်းရှိ ဈေးကွက်များတွင် တွေ့ရှိနေရဆဲဖြစ်ပါသည်။ 
အမေရိကန်ကော်ဖီဈေးကွက်ရှိ အဓိကလုပ်ငန်းကြီးများမှာ Eight O’ Clock Coffee ၊ J.M. Smucker ၊ Douwe Egbers ၊ Keurig Green Mountain နှင့် Starbuck Corporation တို့ဖြစ်ကြပြီး ၂၀၂၂ ခုနှစ်အတွင်း အမေရိကန်နိုင်ငံတွင် လူကြိုက်များပြီးသောက်သုံးမှုများသည့် ကော်ဖီအမှတ်တံဆိပ်များမှာ Starbucks ၊ Folgers ၊ Dunkin’ ၊ Green Mountain ၊ McCafe ၊ Peet’s Coffee ၊ Eight O’Clock ၊ Café Bustelo နှင့် Tim Hortons တို့ဖြစ်ကြကြောင်း လေ့လာတွေ့ရှိရပါသည်။
အမေရိကန်နိုင်ငံသို့ ကော်ဖီအများဆုံးတင်ပို့သည့်နိုင်ငံများမှာ ဘရာဇီးလ်၊ ကိုလံဘီယာ၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံက (၃၀) ရာခိုင်နှုန်း၊ ကိုလံဘီယာနိုင်ငံက (၁၉) ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံက (၉) ရာခိုင်နှုန်းနှင့် အင်ဒိုနီးရှားနိုင်ငံက (၃) ရာခိုင်နှုန်း အသီးသီးတင်ပို့ခဲ့ကြောင်းနှင့် အမေရိကန်၏ ကော်ဖီဈေးနှုန်း အခြေအနေသည် အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံ (၄) နိုင်ငံဖြစ်သော ဘရာဇီးလ်၊ ကိုလံဘီယာ၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့၏ ကော်ဖီထုတ်လုပ်မှု၊ Supply Chain လွယ်ကူမှုတို့အပေါ် မူတည်လျက်ရှိပြီး ကမ္ဘာတစ်ဝှမ်းဖြစ်ပေါ်လျက်ရှိသည့် ပဋိပက္ခအခြေအနေနှင့် ရာသီဥတုပြောင်းလဲမှုများ ကြောင့် Supply Chain နှင့် ကော်ဖီထုတ်လုပ်မှုအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း တွေ့ရှိရပါသည်။
အမေရိကန်နိုင်ငံသို့တင်သွင်းမည့် စိုက်ပျိုးရေးကုန်စည်အားလုံးသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (Food and Drug Administration - FDA) နှင့်/သို့မဟုတ် အမေရိကန် စိုက်ပျိုးရေးဝန်ကြီးဌာန (United States Department of Agriculture – USDA)၏ လုပ်ထုံး လုပ်နည်းများနှင့် ကိုက်ညီမှုရှိရမည်ဖြစ်ပြီး တင်သွင်းစဉ်တွင်လည်း အမေရိကန် အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေးဌာန (United States Customs and Border Protection – CBP) က စစ်ဆေးသည့် လိုအပ်ချက်များနှင့်လည်း ကိုက်ညီရမည်ဖြစ်ပါသည်။ အမေရိကန်နိုင်ငံသို့ ကော်ဖီ တင်သွင်းမည်ဆိုပါက ကုန်စည်များတင်သွင်းရာတွင် လိုအပ်ချက်တစ်ရပ်ဖြစ်သော မူရင်းနိုင်ငံ (Country of Origin) ဖော်ပြချက်နှင့်ပတ်သက်၍ ကုန်စည်၏ မြင်သာသောနေရာတွင် သိသာထင်ရှားစွာ ဖျက်မရသောမှင်များဖြင့်လည်းကောင်း၊ ကုန်ပစ္စည်း၏ သဘောသဘာဝ (ကုန်ပစ္စည်း အမည်၊ သက်တမ်းကုန်ဆုံးရက်၊ ထားသိုရန်နည်းလမ်း၊ ထုတ်လုပ်သူ၊ အလေးချိန်၊ အဟာရပါဝင်မှု အချက်အလက်စသည်) ကိုလည်းကောင်း၊ အမေရိကန်နိုင်ငံမှ ဝယ်ယူသူနှင့် အဆိုပါပစ္စည်း၏ မူရင်းနိုင်ငံအမည်ကိုလည်းကောင်း ဖော်ပြရမည်ဖြစ်ပါကြောင်း၊ အမေရိကန်နိုင်ငံ၏ စားသုံးသူများသည် ၎င်းတို့ဝယ်ယူသည့်ပစ္စည်း၏ အရည်အသွေးကိုသာမက အဆိုပါကုန်ပစ္စည်း၏ နောက်ကွယ်ရှိစိုက်ပျိုးထုတ်လုပ်မှုအဆင့်ဆင့်နှင့် ကုန်ထုတ်လုပ်မှုအဆင့်ဆင့်တွင်ပါဝင်သည့် အလုပ်သမားများ၏ ဘဝအခြေအနေများကိုပါ စိတ်ဝင်စားလာကြသဖြင့် ကော်ဖီတင်သွင်းသူများအနေဖြင့် မိမိ၏ ကုန်ပစ္စည်းအတွက် တတိယအဖွဲ့အစည်း တစ်ခုခု၏ ထောက်ခံချက်(Certification)တစ်ရပ်ရပ် ရရှိထားပါက အမေရိကန်နိုင်ငံသို့ တင်ပို့ရာတွင် အားသာချက်များရှိနိုင်ကြောင်း တွေ့ရှိရပါသည်။ 
အမေရိကန်နိုင်ငံသည် ကော်ဖီသောက်သုံးမှုများလာခြင်း၊ လက်ရှိတင်သွင်းနေသည့် နိုင်ငံများ၏ ကော်ဖီထုတ်လုပ်မှု ကျဆင်းနိုင်ခြေရှိခြင်း၊ ကော်ဖီသောက်သုံးမှုသည် အမေရိကန်နိုင်ငံ၏ ယဉ်ကျေးမှုတစ်ရပ်အဖြစ် တည်ရှိလာခြင်းတို့ကြောင့် မြန်မာ့ကော်ဖီစေ့များကို အမေရိကန်နိုင်ငံသို့ တိုးမြှင့်တင်ပို့သင့်ပါကြောင်းနှင့်  ကော်ဖီတင်ပို့ရာတွင်လည်း အမေရိကန်နိုင်ငံဈေးကွက်က ကြိုက်နှစ်သက်ကြသည့် တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်ခြင်းနှင့် မြန်မာ့ကော်ဖီအရည်အသွေးကိုမြှင့်တင်ခြင်းဖြင့် ဈေးကွက်ဝယ်လိုအားကို မြှင့်တင်နိုင်မည်ဖြစ်ပါကြောင်း သုံးသပ်တွေ့ရှိရပါသည်။

Source: ဒေါ်ခင်ဆွေဦး၊ စီးပွားရေးသံမှူး(ဝါရှင်တန်မြို့)
 

Category: International News