International News

ဟောင်ကောင်ဒေသသို့ မြန်မာကော်ဖီဈေးကွက်ဝင်ရောက်နိုင်မှု အလားအလာ

Last Updated:

ဟောင်ကောင်ဒေသသည် တစ်ဦးချင်း ကော်ဖီသောက်သုံးမှုအများဆုံး နိုင်ငံများအနက် အဆင့် ၄၆ တွင် ရပ်နေပါသည်။ တရုတ်နှင့် အင်္ဂလိပ်လူမျိုးများ၏ ယဉ်ကျေးမှုဖြစ်သည့် လက်ဘက် ရည်သောက်သုံးမှု လွှမ်းမိုးသည့် အသိုင်းအဝိုင်းဖြစ်သော်လည်း ဟောင်ကောင်ဒေသ၌ ကော်ဖီသောက်သုံးမှု တဖြည်းဖြည်း တိုးတက်လာလျက်ရှိပါသည်။ 
၂၀၂၁ ခုနှစ်အတွင်း ဟောင်ကောင်ဒေသမှ ကော်ဖီတင်သွင်းမှု တန်ဖိုး ဒေါ်လာ ၆၉.၂ သန်း တင်ပို့ပြီး ကမ္ဘာ့ကော်ဖီတင်သွင်းသူများအနက် အဆင့် ၅၇ အဖြစ်ရပ်တည်လျက်ရှိပြီး၊ သွင်းကုန် အနေဖြင့် ၃၈၈ ခုမြောက် အများဆုံး တင်ပို့သည့် ကုန်စည်ဖြစ်ပါသည်။  ၂၀၂၁ ခုနှစ်အတွင်း ဟောင်ကောင်ဒေသမှ ကော်ဖီတင်သွင်းသည့် နိုင်ငံ/ဒေသစုစုပေါင်း ၆၄ ခုရှိပြီး အဓိက တင်သွင်းသည့် ဒေသများမှာ - ဆွစ်ဇာလန် ၊ အီတလီ၊ အီသီယိုးပီးယား၊ တရုတ်၊ ဘရာဇီး တို့ဖြစ်ပါသည်။ 
၂၀၂၁ ခုနှစ်အတွင်း ဟောင်ကောင်ဒေသမှ ကော်ဖီတင်ပို့မှု တန်ဖိုး ဒေါ်လာ ၂.၈၃ သန်း တင်ပို့ပြီး ကမ္ဘာ့ကော်ဖီတင်ပို့သူများအနက် အဆင့် ၉၆ အဖြစ်ရပ်တည်လျက်ရှိပြီး၊ ပို့ကုန် အနေဖြင့် ၇၇၂ ခုမြောက် အများဆုံး တင်ပို့သည့် ကုန်စည်ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်အတွင်း ဟောင်ကောင်ဒေသမှ ကော်ဖီတင်ပို့သည့် နိုင်ငံ/ဒေသ စုစုပေါင်း ၄၈ ခုရှိပြီး အဓိက တင်ပို့သည့် ဒေသများမှာ- တရုတ်၊ မကာအို၊ ဩစတြေးလျ၊ ဂျပန် ၊ စင်ကာပူ၊ တရုတ်ထိုင်ပေ တို့သို့ တင်ပို့ရောင်းချပါသည်။ 
၂၀၂၀ မှ ၂၀၂၁ ခုနှစ်အတွင်း ဟောင်ကောင်ဒေသသို့ ကော်ဖီတင်ပို့ရောင်းချမှုတွင် တိုးတက်မှု အမြန်ဆုံးဒေသများမှာ - တရုတ်ပြည်မ၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံဖြစ်ပြီး၊ ကျဆင်းသည့် ဒေသများမှာ- စင်ကာပူ၊ ဖိလစ်ပိုင်နှင့် မကာအိုဒေသ တို့ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်အတွင်း ဟောင်ကောင်ဒေသအတွက် ပို့ကုန်ယှဉ်ပြိုင်မှုအများဆုံး ဈေးကွက်များမှာ ဘရာဇီး၊ ဆွစ်ဇာလန်နှင့် ကိုလံဘိုနိုင်ငံ တို့ဖြစ်ပြီး၊ သွင်းကုန်တင်သွင်းမှုတွင် ယှဉ်ပြိုင်မှုအများဆုံး ဈေးကွက်များမှ အမေရိကန်၊ ဂျာမနီနှင့် ဘယ်လ်ဂျီယံတို့ဖြစ်ပါသည်။ 
၂၀၂၃ ခုနှစ်အတွင်း ဟောင်ကောင်ဒေသရှိ ကော်ဖီ လက်လီဈေးနှုန်းမှာ တစ်ကီလိုလျှင် အမေရိကန်ဒေါ်လာ ၁၄.၃၈ ဒေါ်လာမှ ၂၂.၀၃ ဒေါ်လာ (ဟောင်ကောင်ဒေါ်လာ ၁၁၂.၄၁ ဒေါ်လာ နှင့် ၁၇၂.၁၉ ဒေါ်လာ) အကြားရှိပြီး၊ လက်ကားဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၁၀.၇ ဒေါ်လာမှ ၁၅.၄၂ ဒေါ်လာ ဖြစ်ပါသည်။ 
UNCTAD NTMs Database တွင်ဟောင်ကောင်ဒေသ၏ အကောက်ခွန်မဟုတ်သည့် စီမံဆောင်ရွက်မှုများ စာရင်းတွင် ကော်ဖီနှင့် ကော်ဖီထုတ်ကုန်များ အတွက် ပို့ကုန်တင်ပို့မှုနှင့် စပ်လျဉ်း၍ ဟောင်ကောင်ဒေသ၏ Food and Drugs (Composition and Labelling) Regulations ကို ရည်ညွှန်းထားသဖြင့် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာ ဖော်ပြရမည်ဖြစ် ပါသည်။ ထို့ပြင် အစားအစာတင်သွင်းမှုနှင့်စပ်လျဉ်း၍ Public Health and Municipal Services Ordinance, Cap 132 အပိုင်း ၅ အရ အစားအစာအန္တရာယ်ကင်းရှင်းရေး ဥပဒေ မူဘောင်နှင့်အညီ တင်သွင်းရမည်ဖြစ်ပါသည်။
ဟောင်ကောင်ဒေသ 6 Digits HS code 090111 တွင် မျိုးဗီဇပြုပြင်ထားသော အစား အစာများ (GMO) သီးသန့်အတွက် လိုအပ်သည့် စာရွက်စာတမ်းများ တင်ပြရန်လိုအပ်ခြင်း၊ ကုန်သွယ်မှုအတွက် နည်းပညာဆိုင်ရာအတားအဆီးအရ ကုန်စည်၏ လမ်းကြောင်းကို သိရှိနိုင် ကုန်စည် တင်ပို့မှုဆိုင်ရာ လိုအပ်သည့် စာရွက်စာတမ်းများ တင်ပြရန်လိုအပ်ခြင်းနှင့် HS code 090111 နှင့် 090112 အတွက် (A41) အပင်ပိုးမွှားကင်စင်မှုဆိုင်ရာ သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ Plant (Importation and Pest Control) Ordinance ကိုညွှန်းထားသဖြင့် သတ်မှတ်ချက်များ နှင့်အညီ တင်ပြရန်လိုအပ်ပါသည်။ 
အော်ဂဲနစ်ထုတ်ကုန်များ တင်ပို့သွားမည်ဆိုပါက အော်ဂဲနစ်ထုတ်ကုန်အဆင့်အတန်း သတ်မှတ်ချက်နှင့်အညီ ထုတ်လုပ်ထားရမည်ဖြစ်ပြီး၊ ပို့ကုန်တင်ပို့သည့်နိုင်ငံမှ အော်ဂဲနစ်အသိ အမှတ်ပြု လက်မှတ်ထုတ်ပေးရေး အာဏာပိုင်အဖွဲ့အစည်းမှ ထုတ်ပေးသည့် အသိအမှတ်ပြု လက်မှတ်ပါရှိရမည်ဖြစ်ပါသည်။ 
အော်ဂဲနစ်ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် ကော်ဖီထုတ်ကုန်များအတွက် “Made with Organice [ingredient]” သို့မဟုတ် “အော်ဂဲနစ်ပစ္စည်းပါဝင်မှု အချိုးအစား” ကို ထုတ်ပိုးမှု တွင်ဖော်ပြရမည်ဖြစ်ပါသည်။ 
အကောက်ခွန်ရှင်းလင်းမှုအတွက် အောက်ပါစာရွက်စာတမ်းများလိုအပ်မည်ဖြစ်ပါသည် -
(က)    ကုန်ပို့ဆောင်သူ၏ စာရွက်စာတမ်းများ
(ခ)    သွင်းကုန်လိုင်စင်(သို့မဟုတ်) ထုတ်ယူခွင့်ပါမစ် (သွင်းကုန်တင်သွင်းသူ အနေဖြင့် လိုအပ်ပါက လိုင်စင် သို့မဟုတ် ပါမစ်များကို ကြိုတင်လျှောက်ထားရန်)
(ဂ)    အခြားလိုအပ်သည့် စာရွက်စာတမ်း (သယ်ယူခ၊ လေကြောင်းလိုင်းဘေလ်၊ ပြေစာ၊ ထုပ်ပိုးမှုစာရင်း စသည်ဖြင့်)
ထို့ပြင် သွင်းကုန်ပစ္စည်းသည် အသားနှင့် ဥထုတ်ကုန်များ၊ အေးခဲမုန့်နှင် နို့ထွက်ကုန်များဖြစ်ပါက တရားဝင် ကျန်းမာရေးဆိုင်ရာ အသိအမှတ်ပြုလက်မှတ် တင်ပြရမည်ဖြစ်ပါသည်။ သွင်းကုန်ရောက်ရှိပြီး၊ ထုတ်ယူခြင်းမပြုမီ အဆိုပါ ကုန်စည်များကို စစ်ဆေးမည်ဖြစ်ပြီး လိုအပ်ပါက နမူနာပစ္စည်း တင်ပြရမည်ဖြစ်ပါသည်။ စစ်ဆေးမှုအရ လက်ခံနိုင်သည့် အခြေအနေရှိမှ သာ အစားအစာအန္တရာယ်ကင်းရှင်းရေးဗဟိုဌာနမှ သွင်းကုန် တင်သွင်းသူများအား ထုတ်ယူခွင့် စာထုတ်ပေးမည်ဖြစ်ပါသည်။ 
စားသုံးသူဈေးကွက်အရကြည့်လျှင် ဟောင်ကောင်ဒေသရှိ စားသုံးသူများသည် ကုန်စည်အရည်အသွေး အလေးထားကြပါသည်။ အရည်အသွေးကောင်းမွန်ပါက ဈေးနှုန်းကို လက်ခံနိုင်ကြသည့် ဈေးကွက်ဖြစ်ပါသည်။ သို့သော် ဈေးကွက်ယှဉ်ပြိုင်မှုအနေဖြင့် အာဆီယံနိုင်ငံများအနက် ဗီယက်နမ်နိုင်ငံ၊ အင်ဒိုနီးရှား၊  မလေးရှား၊ စင်ကာပူနိုင်ငံ တို့နှင့် ယှဉ်ပြိုင် တင်ပို့ရမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာကုန်စည်အရည်အသွေးနှင့် ဈေးနှုန်းကို အခြားနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်မှုကို သတိပြုရမည်ဖြစ်ပါသည်။ 
ဟောင်ကောင်ဒေသသို့ ကော်ဖီအဓိက တင်သွင်းသည့် နိုင်ငံများမှာ အနောက်နိုင်ငံများနှင့် တရုတ်ပြည်မမှ ဖြစ်သည်ကို တွေ့ရှိရပါသည်။ မြန်မာနိုင်ငံမှ ကော်ဖီတင်ပို့လိုသူများ အနေဖြင့် ဟောင်ကောင်ဒေသသို့ အဓိကတင်ပို့သည့် နိုင်ငံများမှ ကော်ဖီအမျိုးအစား၊ ဈေးနှုန်းနှင့် ထုတ်ပိုးမှု ပုံစံများကိုလေ့လာ၍ မိမိတို့၏ ပို့ကုန်များကို တင်ပို့သင့်ပါသည်။ ထို့ပြင် မြန်မာနိုင်ငံ အနေဖြင့် မြန်မာ့ကော်ဖီ ဈေးကွက်ထိုးဖောက်နိုင်ရေးအတွက် ဟောင်ကောင်နှင့် မကာအိုဒေသတို့တွင် ပြုလုပ်သည့် အစားအစာနှင့် အဖျော်ယမကာ ဆိုင်ရာ ကုန်စည်ပြပွဲများတွင် မြန်မာနိုင်ငံမှ ကော်ဖီလုပ်ငန်းရှင်များအနေဖြင့် ပါဝင်ပြသခြင်းနှင့် လေ့လာသူအဖြစ်တက်ရောက်ခြင်း ဟောင်ကောင်ဒေသသို့  ပို့ကုန်အမည်သစ် တိုးမြှင့်နိုင်ရန် အထောက်အကူပြုပါကြောင်း သုံးသပ်တွေ့ရှိရပါသည်။ 

Source: ဒေါ်နှင်းဇာလွှာ၊ စီးပွားရေးသံမှူး (ဟောင်ကောင်)
 

Category: International News