International News

ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရေးအတွက် ဟောင်ကောင်ဒေသနှင့် ဆော်ဒီတို့အကြား ငွေကြေး ဈေးကွက် ပူးပေါင်းမှုမြှင့်တင်ရန် သဘောတူ

Last Updated:

ဟောင်ကောင်ဒေသနှင့် ဆော်ဒီအာရေဗျတို့အကြား ငွေကြေးဈေးကွက်ပူးပေါင်းမှု ပိုမိုခိုင်မာစေရေး သဘောတူညီချက်တစ်ရပ်ကို (၁၇) ကြိမ်မြောက် Asian Financial Forum (AFF) ဖွင့်ပွဲအခမ်းအနားတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့ထုတ် South China Morning Post သတင်းစာတွင် “HK, Saudis agree to deepen ties between financial markets to boost investment flow” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

အဆိုပါ နားလည်မှုစာချွန်လွှာကို ဟောင်ကောင်ဒေသ ငွေကြေးဝန်ဆောင်မှု ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (FSDC) နှင့် ဆော်ဒီအာရေဗျ ငွေကြေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (FSDP) တို့အကြား လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။ ဟောင်ကောင်ဒေသအနေဖြင့် ပြီးခဲ့သည့်နှစ်မှစ၍ အရှေ့အလယ်ပိုင်းဒေသနှင့် ငွေကြေးနှင့် ဘဏ္ဍာရေးလုပ်ငန်းများ ဆက်သွယ်ဆောင်ရွက်မှု ပိုမိုတိုးမြှင့်ဆောင်ရွက်နေချိန်တွင် ယခုသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ခြင်းဖြင့် ဟောင်ကောင်ဒေသ၏ အပြည်ပြည်ဆိုင်ရာငွေရေးကြေးရေးဗဟိုဌာန အဖြစ်ရပ်တည်မှုကို ခိုင်မာစေကြောင်း၊ နှစ်ဖက်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ငွေကြေးဈေးကွက် ပေါင်းစပ်ဆက်နွယ်မှု တည်ဆောက်သွားနိုင်မည်ဖြစ်သောကြောင့် နှစ်ဖက်စီးပွားရေးလုပ်ငန်းများအတွက် အကျိုးဖြစ်ထွန်းနိုင်ပြီး နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှု စီးဆင်းမှုများအတွက်လည်း အဆင်ပြေချောမွေ့နိုင်မည်ဖြစ်သည်ဟု FSDC ဥက္ကဋ္ဌ က AFF ဖွင့်ပွဲအခမ်းအနား၌ ပြောကြားခဲ့ပါသည်။

ထို့ပြင်နှစ်ဖက်အကြား တူညီသည့် မျှော်မှန်းချက်ဖြစ်သည့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် မိတ်ဖက်များအဖြစ် နှစ်ဖက်ငွေကြေးဈေးကွက်များအတွက် အခွင့်အလမ်းများ ပူးပေါင်းဖော်ဆောင်မည်ဖြစ်ကြောင်းနှင့် ယခုသဘောတူညီချက်သည် ဆော်ဒီအာရေဗျနှင့် ဟောင်ကောင်ဒေသတို့အ ကြား ငွေကြေးဈေးကွက် ချိတ်ဆက်ဆောင်ရွက်မှု လွယ်ကူချောမွေ့စေရေး ကတိကဝတ်အတွက် အထာက်အထားတစ်ခုဖြစ်သည်ဟု FSDP ညွှန်ကြားရေးမှူးချုပ် Faisal Alsharif က ပြောကြားကြောင်း ရေးသားဖော်ပြထားပါသည်။ 

ပူးပေါင်းဆောင်ရွက်လုပ်ဆောင်သွားမည့် အဓိကနယ်ပယ်များအဖြစ် အရင်းအနှီးဈေးကွက် ပေါင်းစပ်ဆက်နွယ်မှု၊ ပူးတွဲသုတေသနနှင့် အသိအမြင်ဖလှယ်ခြင်းများ လုပ်ဆောင်ခြင်း၊ အပြန်အလှန်သွား ရောက်မှု အစီအစဉ်များနှင့် နှစ်ဖက်ပူးပေါင်း၍ အခမ်းအနားနှင့် ပွဲများပြုလုပ်ခြင်း၊ အပြန်အလှန် အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားရန် ရည်ရွယ်ထားကြောင်း စသည် ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: International News