International News

တောင်ကိုရီးယားနိုင်ငံ၏ ကော်ဖီတင်သွင်းမှုဆိုင်ရာ အကောက်ခွန်နှုန်းထားနှင့် အကောက်ခွန် မဟုတ်သော စီမံဆောင်ရွက်မှုများ

Last Updated:

ကော်ဖီအတွက် သတ်မှတ်ထားသော HS Code Chapter 09 အောက်ရှိ HS Code Sub- headings များ ဖြစ်ကြသည့် 0901.11၊ 0901.12၊ 0901.21၊ 0901.22၊ 0902.30၊ 0902.40၊ 0903.00 တို့ တင်သွင်းမှုအတွက် အကောက်ခွန်နှုန်းထားသည် ၃၀-၁၂-၂၀၂၂ ရက်နေ့အထိ သုညရာခိုင်နှုန်း (0%) ဖြစ်ပါသည်။ ၃၀-၁၂-၂၀၂၂ ရက်နေ့စွဲပါ သမ္မတအမိန့်ကြော်ငြာစာနံပါတ် ၃၃၁၇၉ ဖြင့် HS Code Subheadings များဖြစ်ကြသည့် 0901.11 (Coffee Not Roasted)၊ 0901.12 (Coffee, Decaffeinated) ကုန်စည်များအပေါ် အကောက်ခွန်နှုန်းကို ၃၁-၁၂-၂၀၂၃ ရက်နေ့အထိ 0% သာ ဆက်လက်ကောက်ခံရန် ထပ်မံထုတ်ပြန်ခဲ့ပါသည်။ မူလကောက်ခံနှုန်းထားမှာ ၂% မှ ၈% အထိ ရှိပါသည်။ ဆက်လက်၍လည်း ဈေးနှုန်းတည်ငြိမ်စေရန်နှင့် ငွေကြေးဖောင်းပွမှုကိုလျှော့ချရန် ရည် ရွယ်၍ ၂၀၂၄ ခုနှစ်၊ ပထမ ၆ လအတွင်း ကော်ဖီစေ့အပါအဝင် စားသောက်ကုန် ၁၈ မျိုး တင်သွင်း မှုအပေါ် အခွန် 0% သာ ဆက်လက်ကောက်ခံသွားမည်ဟု စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကြေညာခဲ့ပါသည်။ ဆက်လက်၍ အခွန်လျှော့ချမည် (သို့မဟုတ်) တိုးမြှင့်ကောက်ခံမည်ကို ၆ လပြည့်လျှင် ထပ်မံဆုံးဖြတ်မည်ဟု ကြေညာထားပါသည်။

သို့သော် HS Code Chapter 09 အောက်ရှိ Green Tea Leaf (HS Code Subheadings 0902.10၊ 0902.20) အတွက် အခြေခံသွင်းကုန်ခွန် (Base Rate) မှာ ၅၁၃.၆ ရာခိုင်နှုန်းအထိ သတ် မှတ်ထားပါသည်။ ပြည်တွင်း Green Tea စိုက်ပျိုးထုတ်လုပ်သည့်အတွက် ယင်းသို့သတ်မှတ်ထား ခြင်းဖြစ်ပါသည်။ FTA ထူထောင်ထားပြီးဖြစ်သည့် အမေရိကန်ပြည်ထောင်စုမှ တင်သွင်းသည့် Green Tea အတွက်ပင် ၂၀၂၂ ခုနှစ်တွင် ၁၃၆.၉ ရာခိုင်နှုန်းအထိကောက်ခံခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ၁၀၂.၇ ရာခိုင်နှုန်းအထိ ကောက်ခံဆဲဖြစ်ပါသည်။

တောင်ကိုရီးယားနိုင်ငံတွင် စားသောက်ကုန်များအတွက် စည်းမျဉ်းပြဌာန်းသည့် ဝန်ကြီးဌာနများမှာ စားနပ်ရိက္ခာနှင့်ဆေးဝါးဘေးအန္တရာယ်ကင်းရှင်းရေးဝန်ကြီးဌာန (Ministry of Food & Drug Safety- MFDS)၊ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ရေးရာဝန်ကြီးဌာန၊ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာ (Ministry of Trade, Industry and Energy- MOTIE) နှင့် ဝန်ကြီးချုပ်ရုံး (Prime Minister’s Office- PMO) တို့ဖြစ်ကြပါသည်။

တောင်ကိုရီးယားနိုင်ငံသို့ တင်သွင်းလာသည့် ကော်ဖီအမျိုးမျိုးအပါအဝင်စားသောက်ကုန်များအတွက် အထက်ဖော်ပြပါဝန်ကြီးဌာနများမှ သတ်မှတ်ထားသည့် အကောက်ခွန်မဟုတ်သောစီမံ ဆောင်ရွက်မှုများ (Non-Tariff Measures- NTMs) ကို တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့၊ တင်သွင်းသူများ သိရှိလိုက်နာရမည်ဖြစ်ပါသည်။

ကော်ဖီအပါအဝင်စားသောက်ကုန်များတင်သွင်းသူသည် MFDS ဝန်ကြီးထံသို့ သွင်းကုန်ကြေ ညာလွှာတင်ပြရပါမည်။ တစ်နည်းအားဖြင့်ဆိုရသော် automatic licensing (သွင်းကုန်တင်သွင်းမှု ကို သိရှိစစ်ဆေးနိုင်ရန်စီမံခန့်ခွဲသည့် အလိုအလျောက်လိုင်စင်စနစ်) ကို ကျင့်သုံးဆောင်ရွက်ခြင်းဖြစ် ပါသည်။

ကော်ဖီတင်သွင်းမည့်သူသည် MFDS Website မှတစ်ဆင့် မှတ်ပုံတင် (Registration) လျှောက်ထားရန်လည်းလိုအပ်ပါမည်။ တစ်နည်းအားဖြင့်ဆိုရသော် အပင်ပိုးမွှားနှင့်ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ရေး စိစစ်ရန်တင်သွင်းခွင့်ပေးသင့်၊ မပေးသင့်ဆုံးဖြတ်မည့် MFDS သို့ လျှောက်ထားရခြင်း ဖြစ်ပါသည်။ UNCTAD မှ သတ်မှတ်ထားသော NTMs များအနက် A15 ဟု ခေါ်သည့် အပင်ပိုးမွှားနှင့် ရောဂါပြန့်ပွားမှုထိန်းချုပ်ရေးအတွက် ပြဌာန်းထားသည့် SPS Measure တစ်ခုဖြစ်ပါသည်။

ကော်ဖီတင်ပို့သူများသည် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (Certificate of Origin) ရရှိအောင်လည်း ဆောင်ရွက်ထားရပါမည်။ အဆိုပါ ပင်ရင်းနိုင်ငံသက်သေခံ လက်မှတ်ကို ၅ နှစ်ကြာ ထိန်းသိမ်းထားရှိရပါမည်။

တင်သွင်းမည့်ကုန်စည်ပေါ်တွင် (သို့မဟုတ်) ကုန်စည်ကိုထုတ်ပိုးထားသော ထုတ်ပိုးမှုအပေါ်တွင် ကုန်စည်နှင့် စပ်လျဉ်းသည့်အချက်အလက်များ အသေးစိတ်ရေးသားဖော်ပြခြင်း (Labeling) ဆောင်ရွက်ရပါမည်။ Label ရေးရာတွင် ကိုရီးယားဘာသာစကားဖြင့် ရေးသားရပါမည်။ Label ကို ကွာကျမသွားစေရန်၊ အလွယ်တကူ ဖယ်ရှားမရစေရန် ခိုင်မြဲစွာကပ်ထားရပါမည်။ Label တွင် ကုန်စည်အမည် (Product Name)၊ ကုန်စည်အမျိုးအစား (Product Type)၊ ကုန်စည်၏ ပင်ရင်းဒေသ (Country of Origin)၊ ပါဝင်ပစ္စည်းများ (Ingredient Names and Content)၊ ထုတ်လုပ်သည့်ရက်စွဲ (Manufacture Date) စသည်တို့ကိုသာမက ဖြည့်စွက်ပစ္စည်းပါဝင်မှုနှင့် ဓါတ်မတည့်မှု များအခြေအနေသတိပေးမှုကိုပါ ထည့်သွင်းဖော်ပြရပါမည်။ ယင်းသို့ ပြည့်စုံစွာရေးထားခြင်း ရှိ/မရှိကို တင်သွင်းလာသည့်ကုန်စည် ရောက်ရှိချိန်တွင် စစ်ဆေးမည့်အပြင် ဈေးကွက်အတွင်း၌ လည်း စစ်ဆေးခံရမည်ဖြစ်ပါသည်။

ပထမဆုံးတင်သွင်းလာသည့် ကော်ဖီအပါအဝင်စားသောက်ကုန်နမူနာများကို ဓါတ်ခွဲခန်းတွင် စစ်ဆေးခံရပါမည်။ A82 (Testing Requirement) ဟုခေါ်သည့် SPS NTMs တစ်ခုဖြစ်ပါသည်။ ဓါတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးခံပြီးသည့် စားသောက်ကုန်ကို ဆက်လက်တင်သွင်း မည်ဆိုပါက စာရွက်စာတမ်းသာ စစ်ဆေးသွားမည်ဖြစ်ပြီး ချိုးဖောက်မှုတစ်စုံတစ်ရာရှိခဲ့ဖူးသည့် သမိုင်းကြောင်း ရှိသည့် ကုန်စည်အမျိုးအစားဖြစ်ပါက နမူနာများကို အလျဉ်းသင့်သလို (Random) ကောက်ယူစစ် ဆေးခံရမည်ဖြစ်ပါသည်။

စားသောက်ကုန်များတွင်ဖြည့်စွက်ပစ္စည်းများအတွက် Code (Food Additives Code) ကို MFDS ၏ website (https://mfds.go.kr/eng/index.do) တွင် လေ့လာနိုင်ပြီး ပါဝင်သည့် ကုန် ကြမ်းအမည်၊ သိပ္ပံအခေါ်အဝေါ်များ၊ သတ်မှတ်ထားသည့်ကန့်သတ်ချက်များနှင့် စပ်လျဉ်း၍ 식품원료목록|식품안전나라 (foodsafetykorea.go.kr) တွင်လေ့လာနိုင်ပါသည်။ စားသောက်ကုန်များတွင် ပိုးသတ်ဆေးအကြွင်းအကျန်များအတွက် သတ်မှတ်စည်းမျဉ်းများကို foodsafety korea.go.kr/foodcode/index.jsp တွင်လေ့လာရန်လိုပါသည်။ (Website အသစ်တစ်ခုကို ထပ်မံညွှန်းထားပြီး အဆိုပါ Website အသစ်တွင် ကိုရီးယားဘာသာဖြင့်သာဖော်ပြထားသည်ကို လေ့လာတွေ့ရှိရသည့်အတွက် ကိုရီးယားနိုင်ငံဘက်မှပစ္စည်းတင်သွင်းမည့်သူနှင့် အနီးကပ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်သင့်ပါသည်။ ကိုရီးယားဘာသာကို အင်္ဂလိပ်ဘာသာသို့ ပြောင်းပေးသည့် Applicationများ (ဥပမာ Papago) သုံး၍ လိုအပ်သည်များကို ညှိနှိုင်းကြိုတင်ပြင်ဆင်နိုင်ပါသည်။)

တောင်ကိုရီးယားနိုင်ငံ ကော်ဖီဈေးကွက်အတွင်းဝင်ရောက်မှုမြှင့်တင်နိုင်ရန် တောင်ကိုရီးယားနိုင်ငံတွင်း ကျင်းပသောကုန်စည်ပြပွဲများတွင် ပါဝင်ပြသခြင်းဖြင့် မိမိနိုင်ငံ၏ ကော်ဖီထွက်ကုန်များကို လူသိများလာအောင် ဆောင်ရွက်နိုင်ပါသည်။ ဆိုးလ်မြို့တွင် နှစ်စဉ်ကျင်းပနေသော Coffee Expo Seoul တွင် ပါဝင်ပြသခဲ့ကြသည့် ဂွာတီမာလာနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဘရာဇီးလ်နိုင်ငံ၊ ကိုလံဘီယာနိုင်ငံ၊ အီသီယိုးပီးယားနိုင်ငံတို့သည် တောင်ကိုရီးယားနိုင်ငံသို့ ကော်ဖီတင်ပို့မှု မြှင့်တင်နိုင်ခဲ့ကြပါသည်။ Coffee Expo Seoul အပြင် ကိုရီးယားနိုင်ငံသွင်းကုန်တင်သွင်းသူများအသင်း (Korea Importers Association- KOIMA) က ကြီးမှူး၍ နှစ်စဉ်ကျင်းပလျက်ရှိသည့် Korea Import Fair ၌လည်း မြန်မာနိုင်ငံမှ ကော်ဖီထွက်ကုန်များ ပါဝင်ပြသသင့်ပါသည်။ အဆိုပါပြပွဲများသည် တောင် ကိုရီးယားနိုင်ငံမှ သွင်းကုန်တင်သွင်းသူများကို အဓိကထားကျင်းပသည့်ပွဲများဖြစ်၍ ဈေးကွက်ဝင် ရောက်မှုမြှင့်တင်နိုင်မည့်အခွင့်အလမ်းများ ရရှိမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ကော်ဖီတင်ပို့သူများအနေဖြင့် ကုန်စည်ပြပွဲ ပြခန်းခကုန်ကျစရိတ်များကို ကော်ဖီအသင်းမှ ဝေမျှကျခံပြီး မိမိနိုင်ငံထွက်ကုန် ကော်ဖီစေ့များ (Green Coffee နှင့် Roasted Beans) ကိုရီးယားဈေးကွက်တွင် ထိုးဖောက်နိုင်ရေးအတွက် ပြပွဲများတွင် မိမိနိုင်ငံ၏ကော်ဖီ သောက်သုံးမှုအလေ့အထ၊ ယဉ်ကျေးမှု၊ ကော်ဖီဖျော်စပ်သည့်ပုံစံ၊ ကော်ဖီစိုက်ခင်းပုံများ၊ နိုင်ငံတ ကာမှ အရည်အသွေးအသိအမှတ်ပြု လက်မှတ်များကို ခင်းကျင်းပြသခြင်းနှင့် ကော်ဖီအရသာ ခံစားနိုင်အောင် ချက်ချင်းကော်ဖီစေ့ကြိတ်၍ဖျော်ပြီး သောက်သုံးစေခြင်း စသည်တို့အတွက် သေချာပြင်ဆင်၍ ပွဲဝင်ယှဉ်ပြိုင်နိုင်မည်ဆိုပါက မြန်မာ့ကော်ဖီအရသာနှင့် အရည်အသွေးကို ကမ္ဘာ့အလယ်တွင် ချပြနိုင်မည်ဖြစ်ပါသည်။

ထို့ပြင် ဈေးကွက်ရရှိလာပါက ဈေးကွက်လိုအပ်ချက်ကို ပုံမှန်ဖြည့်ဆည်းပေးနိုင်ရန် စိုက်ပျိုးထုတ်လုပ်မှုပမာဏနှင့် အရည်အသွေးကို တစ်သမတ်တည်းထိန်းသိမ်းထားနိုင်ရေးသည် အရေးပါလှပါသည်။ အစိုးရ၏ ပို့ကုန်မြှင့်တင်နိုင်ရေး မူဝါဒအထောက်အပံ့များသည်လည်း ပို့ကုန်မြှင့်တင်ရေးအတွက် အထူးအရေးပါလှပါသည်။

တောင်ကိုရီးယားနိုင်ငံသည် ကော်ဖီသောက်သုံးမှုမြင့်မားလာသည်နှင့်အမျှ ကော်ဖီတင်သွင်းမှုလည်း နှစ်စဉ်တိုးတက်လျက်ရှိသည့်အပြင် အစိုးရကလည်း တင်သွင်းမှုအတွက် အခွန်နှုန်းကို 0% အထိလျှော့ချပေးထားပြီးဖြစ်ပါသည်။ ဝင်ငွေမြင့်မားသည့်နိုင်ငံဖြစ်သည်နှင့်အမျှ ကျန်းမာရေးကို အထူးဦးစားပေးသည့် ကော်ဖီသောက်သုံးမှုဈေးကွက် တဖြည်းဖြည်းကြီးမားလာသည်ကို သတိပြုရ မည်ဖြစ်ပါသည်။ ကဖင်းဓါတ်ထုတ်ထားသော ကော်ဖီစေ့ (Decaffeinated Coffee Bean) တင်သွင်း မှု မြင့်မားလာကာ သကြားများပြီးကျန်းမာရေးကို အထောက်အကူမပြုနိုင်သည့် အသင့်ဖျော်ကော်ဖီ မစ် သောက်သုံးမှုလျော့နည်းလာလျက်ရှိသဖြင့် တောင်ကိုရီးယားဈေးကွက်သို့ ကော်ဖီတင်ပို့လိုပါက အရည်အသွေးကောင်းမွန်သည့် ကော်ဖီစေ့များကိုသာ ထုတ်လုပ်တင်ပို့ရောင်းချရန် ပြင်ဆင်ဆောင် ရွက်ထားရန်လိုပါသည်။ ထို့ပြင် တောင်ကိုရီးယားနိုင်ငံတွင် နှစ်စဉ်ကျင်းပလျက်ရှိသည့် Coffee Expo Seoul နှင့် Korea Import Fair တို့သို့ မြန်မာနိုင်ငံမှ ကော်ဖီနှင့်သက်ဆိုင်သည့် ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့များကို နှစ်စဉ်စေလွှတ်၍ ကော်ဖီတင်ပို့မှုမြှင့်တင်ရေး စီစဉ်ဆောင်ရွက်သင့်ပါသည်။

ပို့ကုန်တင်ပို့မှုမြှင့်တင်ရန် ရည်ရွယ်သည့်ဈေးကွက်၏ ဈေးကွက်ဝင်ရောက်မှုဆိုင်ရာ အချက်အလက်များကို သိရှိရန်အရေးပါသည့်အပြင် မိမိနိုင်ငံ၏ ပို့ကုန်တင်ပို့မှုဆိုင်ရာ မူဝါဒများ၊ ကော်ဖီ လုပ်ငန်းကဏ္ဍမှ ကော်ဖီစိုက်ပျိုးထုတ်လုပ်သည့်တောင်သူများ၊ စိုက်ပျိုးထုတ်လုပ်သည့် ခြံပိုင်ရှင်များနှင့် ရောင်းဝယ်ဖောက်ကား သိုလှောင်သူများ၏ စိုက်ပျိုးသိုလှောင်မှုနှင့်ဆိုင်သည့် ဗဟုသုတနှင့် အသိပညာများမြှင့်တင်ပေးနိုင်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုများသည်လည်း အရည်အသွေးမြင့်ကော်ဖီများ ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် အလွန်အရေးပါလှကြောင်း သုံးသပ်တွေ့ရှိရပါသည်။

Source: ဒေါ်ပပ၊ စီးပွားရေးသံမှူး(ဆိုးလ်မြို့)

Category: International News