International News

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ မြန်မာ့ကော်ဖီဈေးကွက်ဝင်ရောက်နိုင်မှုအလားအလာ

Last Updated:

ရုရှားနိုင်ငံ၏ ကော်ဖီတင်သွင်းမှုအခြေအနေ

၂၀၂၁ ခုနှစ် စာရင်းအရ ရုရှားနိုင်ငံသည် ကမ္ဘာ့နိုင်ငံအသီးသီးမှ ကော်ဖီတန်ချိန် ၂၄၃,၅၂၉ တင်သွင်းခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၇၈၆.၈၃ သန်းအထိ ရှိခဲ့ ပါသည်။ ရုရှားနိုင်ငံသို့ ကော်ဖီတင်သွင်းမှုတွင် ဦးဆောင်သူမှာ ဗီယက်နမ်နိုင်ငံဖြစ်ပြီး ဈေးကွက်ဝေစု ၄၀ ရာခိုင်နှုန်းကျော်ရှိသည်။ ဗီယက်နမ်၏ အဓိကပြိုင်ဘက်မှာ ဘရာဇီးနိုင်ငံဖြစ်ပြီး ဈေးကွက်ဝေစု ၂၀ ရာခိုင်နှုန်း အထိရှိသည်။ ဈေးကွက်ဝေစုအဆင့် ၄ ရရှိထားသည့် အင်ဒိုနီးရှားနိုင်ငံသည်လည်း ရုရှားနိုင်ငံသို့ ကော်ဖီအဓိကတင်ပို့သည့် နိုင်ငံများစာရင်းတွင် ပါဝင်သည်။ ကော်ဖီတင်ပို့ခဲ့သည့် အဓိကနိုင်ငံများမှာ ဗီယက်နမ်၊ ဘရာဇီး၊ အီတလီ၊ အင်ဒိုနီးရှား၊ ယူဂန်ဒါ၊ ကိုလံဘီယာ၊ အီသီယိုးပီးယား၊ ဂျာမနီ၊ ဟွန်ဒူးရပ်စ်၊ နယ်သာလန် စသည့်နိုင်ငံများ ဖြစ်ပါသည်။

ရုရှားနိုင်ငံသို့ ကော်ဖီတင်သွင်းခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ

ရုရှားနိုင်ငံသို့ ကော်ဖီတင်သွင်းနိုင်ရန် ယူရေးရှားအကောက်ခွန်သမဂ္ဂ(Eurasian Customs Union) ၏ နည်းပညာဆိုင်ရာလုပ်ထုံးလုပ်နည်းများဖြစ်သည့် TR CU 021/2011 “On safety food products” စားသောက်ကုန်များဘေးကင်းလုံခြုံမှု၊ TR CU 022/2011 “Food Products in terms of their labeling” စားနပ်ရိက္ခာ ထုတ်ကုန်များနှင့် ၎င်းတို့အား တံဆိပ်ကပ်ခြင်း၊ TR CU 005/2011 “On the safety of packaging” ထုပ်ပိုးမှု ဘေးကင်းလုံခြုံရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရပါသည်။

ရုရှားနိုင်ငံသို့ တင်သွင်းလာသော စိုက်ပျိုးရေးထွက်ကုန်၊ စားသောက်ကုန်နှင့် ကုန်ကြမ်းများကို ရုရှားစိုက်ပျိုးရေးဝန်ကြီးဌာန လက်အောက်ရှိ တိရစ္ဆာန်နှင့် အပင်ပိုးမွှားရောဂါ ကင်းရှင်းရေး ကြီးကြပ်ကွပ်ကဲမှုဌာန(The Federal Service for Veterinary and Phytosanitary Supervision - Rosselkhoznadzor)နှင့် ရုရှားဗဟိုအစိုးရထံ တိုက်ရိုက် အစီရင်ခံသော စားသုံးသူအခွင့်အရေး ကာကွယ်ရေးနှင့် လူချမ်းသာမှုဆိုင်ရာ စောင့်ကြည့်လေ့လာရေးဌာန (The Federal Service for Surveillance on Consumer Rights Protection and Human Wellbeing – Rospotrebnadzor) (၂) ခုတို့မှ ကြီးကြပ် ကွပ်ကဲဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

တင်သွင်းလာသော စားသောက်ကုန်များအား သွင်းကုန်/ ပို့ကုန်/ သယ်ယူပို့ဆောင်ရေး ကိစ္စရပ်များဆောင်ရွက်ရန် တင်သွင်းသူများသည် Rosselkhoznadzor ဌာန၏ ခွင့်ပြုချက်ရယူ ရန်လိုအပ်ပြီး တိရစ္ဆာန်နှင့် အပင်ပိုးမွှားရောဂါ ကင်းရှင်းရေးဆိုင်ရာ(Sanitary and phytosanitary - SPS) လိုအပ်ချက်အတွက် အဆိုပါဌာန၏ ဓာတ်ခွဲခန်းတွင် ဓာတ်ခွဲစမ်းသပ်မှုပြုလုပ်ရမည် ဖြစ်ကြောင်း သိရှိရပါသည်။

တင်သွင်းလာသော ကုန်ပစ္စည်းအားလုံးအတွက် EAC အမှတ်အသား (Eurasian Conformity) တံဆိပ်ကပ်ရန်လိုအပ်ပြီး ရုရှားစျေးကွက်သို့ အရည်အသွေးနိမ့် ထုတ်ကုန်များ ဝင်ရောက်ခြင်းကို နည်းပညာဆိုင်ရာလုပ်ထုံးလုပ်နည်းများဖြင့် တားမြစ်ထားကာ စားသုံးသူဘေးကင်းလုံခြုံစေရန် မှတ်ပုံတင်မထားသော ပိုးသတ်ဆေးများနှင့် ဓာတုဗေဒဆေးများ ပမာဏကျော်လွန်စွာ အသုံးပြုခြင်းကို Rospotrebnadzor ဌာနက တားမြစ်ထားပါသည်။ ထို့အပြင် တင်သွင်းထားသော ကော်ဖီထုတ်ကုန်များအား ရုရှားနိုင်ငံအတွင်း တရားဝင်ဖြန့်ဖြူးရောင်းချရန် နည်းပညာဆိုင်ရာစည်းမျဉ်းစည်းကမ်းများနှင့် တိုင်းတာမှုဆိုင်ရာ ဖက်ဒရယ်အေဂျင်စီ (Federal Technical Regulation and Metrology Agency - Rosstandart) ဌာန၏ ရုရှားနိုင်ငံအမျိုးသားအဆင့် အသိအမှတ်ပြုစံနှုန်းများနှင့် ကိုက်ညီမှုရှိ/မရှိ အကဲဖြတ်ခြင်းကို ကျော်လွှားနိုင်ရန် လိုအပ်ပါသည်။

အခြားသိရှိရန်အချက်အလက်များ

ကော်ဖီသယ်ယူပို့ဆောင်ခြင်းနှင့် ယာယီသိုလှောင်ရုံများတွင် သိမ်းဆည်းခြင်းအတွက် လိုအပ်သောအပူချိန်နှင့် စိုထိုင်းဆထိန်းချုပ်မှုကို ထိန်းသိမ်းရန် လိုအပ်ပါသည်။ ကော်ဖီသည် အစိုဓာတ်နှင့် အနံ့ဆိုးများကို စုပ်ယူနိုင်စွမ်းမြင့်မားသည်။ သယ်ယူပို့ဆောင်ရေးအတွက် ကော်ဖီ၏ အရည်အသွေးယိုယွင်းပျက်စီးမှုကို ရှောင်ရှားနိုင်ရန် လေထုစိုထိုင်းဆ ၇ ရာခိုင်နှုန်းထက်မပိုသည့် သန့်ရှင်းခြောက်သွေ့သော အလုံပိတ်ကွန်တိန်နာများဖြင့် သီးခြားခွဲ၍ ပို့ဆောင်ရန် အကြံပြုထားပါသည်။ ထုတ်ပိုးမှု၊ တံဆိပ်ကပ်ခြင်းနှင့် စာရွက်စာတမ်းများအားလုံးကို ရုရှားဘာသာဖြင့် ဘာသာပြန်ဆိုထားသော မိတ္တူများလိုအပ်နိုင်ပါသည်။ သက်ဆိုင်ရာလက်မှတ်များရယူခြင်း၊ ဓာတ်ခွဲစမ်းသပ်စစ်‌ဆေးခြင်းနှင့် လိုင်စင်ရယူခြင်း စသည့်လုပ်ငန်းစဉ်အဆင့်တိုင်းတွင် ကုန်ကျ စရိတ်များရှိနိုင်ပြီး တင်ပို့သူနှင့် တင်သွင်းသူများမှ ငွေပေးချေရမည်ဖြစ်ပါသည်။ တင်ပို့သူသည် တင်ပို့ခြင်းမပြုမီ ၎င်း၏ တင်သွင်းသူနှင့် လိုအပ်သော စာရွက်စာတမ်းများကို အနီးကပ်ညှိနှိုင်း၍ စစ်ဆေးပြင် ဆင်မှုများ ပြုလုပ်သင့်ပါသည်။

သုံးသပ်ချက်

ရုရှားနိုင်ငံသည် ရာသီဥတုအခြေအနေကြောင့် ကော်ဖီသီးနှံစိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိဘဲ ကော်ဖီအသားတင် တင်သွင်းသည့်နိုင်ငံဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ ကော်ဖီတင်သွင်းခြင်းကို အပြည့်အဝမှီခိုထားပါသည်။ ဘရာဇီး၊ ဗီယက်နမ်၊ ကိုလံဘီယာ၊ အင်ဒိုနီးရှားနှင့် ဟွန်ဒူးရပ်စ် စသည့်နိုင်ငံများသည် ကမ္ဘာ့ကော်ဖီတင်ပို့မှု၏ ၈၀ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်ထားကြသည်။ ရုရှားသည် ကော်ဖီစိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိသော်လည်း ကော်ဖီအများဆုံးသောက်သုံးသည့် နိုင်ငံများစာရင်းတွင် ပါဝင်လျက်ရှိသည်။ ၂၀၂၃ ခုနှစ် ပထမခုနစ်လတွင် ရုရှား၏ ကော်ဖီတင်သွင်းမှု ပမာဏတန်ချိန် ၁၅၈,၀၀၀ ရှိပြီး ယခင်နှစ် အလားတူကာလထက် ၂၀ ရာခိုင်နှုန်း ပိုများသည်။ တစ်နှစ်ထက်တစ်နှစ် ကော်ဖီဆိုင် အသစ်များဖွင့်လှစ်ခြင်းသည် ကော်ဖီဝယ်လိုအား တိုးတက်မှုကို ကောင်းစွာထင်ဟပ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

မြန်မာနိုင်ငံအနေဖြင့် ရုရှားနိုင်ငံသို့ ကော်ဖီတင်ပို့မည်ဆိုလျှင် အရှေ့တောင်အာရှနိုင်ငံ များဖြစ်သော ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့နှင့် ဈေးကွက်ယှဉ်ပြိုင်ရမည့် အခြေအနေများ ကြုံတွေ့နိုင်ဖွယ်ရှိသည်။ ဗီယက်နမ်နိုင်ငံသည် ဥရောပအာရှစီးပွားရေးသမဂ္ဂ (Eurasian Economic Union-EAEU)နှင့် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်ကို ၂၉-၅-၂၀၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် ကော်ဖီထုတ်လုပ်သည့် ကမ္ဘာ့အကြီးဆုံးနိုင်ငံ (၅) နိုင်ငံထဲတွင် ပါဝင်လျက်ရှိပြီး EAEU နှင့် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်ကို ၂၀၂၃ ခုနှစ် ဧပြီလတွင် စတင်ဆွေးနွေးခဲ့ကာ မကြာမီတွင် လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိပါသည်။ ရုရှားနိုင်ငံသို့ ကော်ဖီတင်သွင်းမှုတွင် ဦးဆောင်သူမှာ ဗီယက်နမ်နိုင်ငံဖြစ်ပြီး ဈေးကွက်ဝေစု ၄၀ ရာခိုင်နှုန်းကျော်ပိုင်ဆိုင်ထားကာ အင်ဒိုနီးရှားနိုင်ငံသည် ကော်ဖီတင်သွင်းမှု အဆင့်(၄)တွင် ရပ်တည်လျက်ရှိပါသည်။ သို့သော် ကော်ဖီသည် ရုရှားနိုင်ငံ၌ ဈေးကွက်အလားအလာမြင့်မားသည့် ကုန်စည်တစ်ခုဖြစ်ပြီး လက်လီအရောင်းဆိုင်များတွင် ဈေးနှုန်းကြီးမြင့်သည့် ကုန်စည်တစ်ခုဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုး‌ရေးထွက်ကုန်များအား ရုရှားနိုင်ငံသို့ ပင်ရင်းနိုင်ငံ သက်သေ ခံလက်မှတ်(Certificate of Origin) GSP Form A ဖြင့် တင်ပို့မည်ဆိုပါက အကောက်ခွန် ကင်းလွတ်ခွင့်ရရှိမည်ဖြစ်၍ ဈေးကွက်ယှဉ်ပြိုင်ရာတွင် အထောက်အကူပြုစေမည်ဖြစ်ပါသည်။

ရုရှားနိုင်ငံ၏ ကော်ဖီဈေးကွက်သည် တစ်နှစ်ထက်တစ်နှစ် အဆက်မပြတ်ကြီးထွားလာလျက်ရှိပြီး ကော်ဖီသည် ရုရှားလူမျိုးတို့၏ အနှစ်သက်ဆုံး အဖျော်ယမကာတစ်ခု ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် ရုရှားသည် လက်ဖက်ခြောက် အဓိကတင်သွင်းသောနိုင်ငံမှ ကော်ဖီ အဓိကတင်သွင်းသောနိုင်ငံဖြစ်လာခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ရုရှားနိုင်ငံ၌ ကော်ဖီ သောက်သုံးမှုသည် တန်ချိန် ၁၈၀,၀၀၀ သို့ ရောက်ရှိခဲ့ပြီး ၎င်းသည် တစ်နှစ်ထက်တစ်နှစ် ၁၂ ရာခိုင်နှုန်း ပိုမိုများပြားလာခြင်းဖြစ်ကြောင်း ရုရှား လက်ဖက်ရည်နှင့် ကော်ဖီထုတ်လုပ်သူများ အသင်း "Roschaykofe" ၏ အချက်အလက်များအရ သိရသည်။ သုတေသီများ၏အဆိုအရ ကော်ဖီရောင်းအားသည် တစ်နှစ်လျှင် ၆-၂၀ ရာခိုင်နှုန်းအထိ  သိသိသာသာ တိုးတက်လျက်ရှိပြီး ကော်ဖီဆိုင်များလည်း ဖွံ့ဖြိုးတိုးတက်လာလျက်ရှိသဖြင့် နိုင်ငံအတွင်း ကော်ဖီရောင်းအား ဆက်လက်တိုးလာမည်ဖြစ်ကြောင်း သိရှိရသည်။

ရုရှားနိုင်ငံသည် ၎င်းနိုင်ငံသို့ တင်သွင်းလာသည့် ကုန်စည်အများစုသည် ပုဂ္ဂလိက လုပ်ငန်းရှင်များအချင်းချင်း သဘောတူညီချက်ဖြင့် ရုရှားနိုင်ငံရှိ တင်သွင်းသည့် ကုမ္ပဏီများက ဝယ်ယူတင်သွင်းလေ့ရှိကြောင်း သိရှိရပါသည်။  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)၊ ရုရှားနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်း ရှင်များအသင်းချုပ်(TPPRF)၊ သက်ဆိုင်ရာကော်ဖီအသင်းများစသည့် အသင်းအဖွဲ့များအချင်းချင်း နီးကပ်စွာပူးပေါင်းဆောင်ရွက်၍ မြန်မာ-ရုရှား ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များအချင်းချင်း သွင်းကုန်၊ ပို့ကုန် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများဆိုင်ရာ အမြင်ချင်းဖလှယ်ဆွေးနွေးခြင်း၊ ဈေးကွက်ရရှိရေး တင်ပို့သူ၊ တင်သွင်းသူများ အချင်းချင်း ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်သွားပါက ဈေးကွက်ဝင်ရောက်ခွင့်ရရှိရေး အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။

ရုရှားနိုင်ငံရှိ ကော်ဖီထုတ်လုပ်သည့်စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကြောင့် မကြာသေးမီနှစ်များအတွင်း နိုင်ငံ၏ ကော်ဖီတင်သွင်းမှု လိုအပ်ချက်သည် မြင့်တက်လာခဲ့သည်။ ရုရှားသည် ၎င်းနိုင်ငံအတွင်း၌ ကော်ဖီစိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိသည့်အပြင် ဥရောပတွင် ၇ ခုမြောက် ကော်ဖီအများဆုံး တင်သွင်းသည့်နိုင်ငံ ဖြစ်ပါသည်။ ရုရှားနိုင်ငံမှ ကော်ဖီ တင်သွင်းမှု၏ ၅၇ ရာခိုင်နှုန်းခန့်သည် ရိုဘက်စတာကော်ဖီ ဖြစ်ပြီး ၄၃ ရာခိုင်နှုန်းမှာ အာရေဗီကာကော်ဖီ ဖြစ်သည်။ ရုရှားကော်ဖီဈေးကွက်သည် စားသုံးသူများကြား ဝယ်လိုအားတိုးလာခြင်းကြောင့် နိုင်ငံအတွင်း ကော်ဖီ၏ရေပန်းစားလာမှုသည် ဆက်လက်ကြီးထွားလာမည် ဖြစ်သည်။ ထို့အပြင် ရုရှားနိုင်ငံသည် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကြောင့် ၎င်းနိုင်ငံအတွက် လိုအပ်လျက်ရှိသော သွင်းကုန်များကို အာရှနိုင်ငံများမှ ရယူနိုင်ရန် ကြိုးပမ်းလျက်ရှိသဖြင့် မြန်မာနိုင်ငံ၏ ကော်ဖီထုတ်ကုန်သည် ရုရှားနိုင်ငံသို့ တင်ပို့နိုင်မည့် အလားအလာကောင်းများရှိနေပါကြောင်း သုံးသပ်တွေ့ရှိရပါသည်။

Source: ဦးခွန်မျိုးသူ၊ စီးပွားရေးသံမှူး(မော်စကိုမြို့)

Category: International News