International News

ACFTA သဘောတူညီချက်က တရုတ်နိုင်ငံသို့ ထိုင်းသကြားပို့ကုန် မြင့်တက်စေခဲ့

Last Updated:

အာဆီယံ-တရုတ်လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် (ACFTA)က အထူးသဖြင့် သကာရည်၊ ပျားရည်အတုနှင့် သကြားအစားထိုး ဆီးချိုသကြားမျိုးစုံ အပါအဝင် ပြုပြင်ပြီး သကြားထွက်ကုန်များအား ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့မှုကို မြင့်တက်စေခဲ့ကြောင်း ဘန်ကောက်အခြေစိုက် VNA သတင်းဌာနက ၁၇-၂-၂၀၂၄ နေ့၌ ဖော်ပြပါသည်။

တရုတ်နိုင်ငံသည် ထိုင်းလယ်ယာထွက်ကုန်များ၏ အဓိကပို့ကုန်ဈေးကွက်ဖြစ်ပြီး စုစုပေါင်း ပို့ကုန်၏ ၄၂% ရှိကြောင်း ထိုင်းနိုင်ငံခြားကုန်သွယ်မှုဌာနမှ ညွှန်ကြားရေးမှူးချုပ် Ronnarong Phoolpipat က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံဘက်မှ ဝယ်လိုအားများသော ထုတ်ကုန်များတွင် အစားအစာများ၊ အဖျော်ယမကာများနှင့် ဆေးဝါးများတွင် အသုံးပြုသည့် သကာရည်များ၊ ပျားရည် အတု၊ မီးသင်းသကြားနှင့် အခြားသကြားအစားထိုး ဆီးချိုသကြားကဲ့သို့သော ပြုပြင်ထုတ်လုပ်ထားသည့် သကြားထွက်ကုန်များ ပါဝင်ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၉၈၃ သန်း (ဘတ်ငွေ ၃၁.၄ ဘီလီယံ) ရှိသော ပြုပြင်ပြီးသကြားထုတ်ကုန်များကို တင်သွင်းခဲ့ကြောင်း၊ အဆိုပါ ပမာဏတွင် ထိုင်းနိုင်ငံသည် စုစုပေါင်း တန်ဖိုး အမေရိကန်ဒေါ်လာ ၈၅၄ သန်း၊ တစ်နည်းအားဖြင့် တရုတ်နိုင်ငံ၏ သကြားသွင်းကုန်ရာခိုင်နှုန်း ၈၆.၉% ဖြင့် တရုတ်ဈေးကွက်တွင် အရေးပါသော နေရာရယူထားကြောင်း၊ ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ သကြားတင်သွင်းမှုပမာဏမှာ ယခင်နှစ် ကထက် ၁၀၃ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရသည်။

ထိုင်းနိုင်ငံခြား ကုန်သွယ်မှုဦးစီးဌာနက ထုတ်ပေးထားသည့် ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် (Form E) ဖြင့် တင်ပို့သော ပြုပြင်ပြီးသကြားအတွက် သွင်းကုန်အခွန် သုညရာခိုင်နှုန်း အပါအဝင် ACFTA အောက်ရှိ ကုန်သွယ်မှုအကျိုးခံစားခွင့်များသည် ထိုင်းသကြားပို့ကုန် မြင့်တက်စေမှုတွင် အဓိကအထောက်အပံ့ပေးသော အချက်ဖြစ်ကြောင်း၊ အဆိုပါ ACFTA ၏ ကုန်သွယ်မှု အကျိုးခံစားခွင့်များ မရရှိပါက Most-favoured nation rate ခေါ် နိုင်ငံအများစု တန်းတူညီနှုန်း ထားဖြစ်သော ၃၀ ရာခိုင်နှုန်းပေးဆောင်ရမည်ဖြစ်ကြောင်း Ronnarong က ဆက်လက်ပြောကြား ခဲ့သည်။

FTA အကျိုးခံစားခွင့်များကို အမိအရဖမ်းဆုပ်နိုင်သော ထိုင်းပို့ကုန်လုပ်ငန်းရှင်များအတွက်ပြုပြင်ပြီး သကြားဈေးကွက်သည် ကမ္ဘာ့ဈေးကွက်၌ ချဲ့ထွင်ရန် အလားအလာကောင်းသော ထုတ်ကုန်ဖြစ်ပါကြောင်း၊ တရုတ်ဈေးကွက်အပြင် လူဦးရေ သန်း ၆၀၀ ကျော်ရှိသည့် အာဆီယံ ဈေးကွက်သည်လည်း ထိုင်းနိုင်ငံ၏ပြုပြင်ပြီး သကြားထုတ်ကုန်အတွက် အလားအလာ ကောင်း သော ဈေးကွက်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၏ ပြုပြင်ပြီး သကြားထုတ်ကုန်များသည် အထူးသဖြင့် အစားအစာနှင့် အဖျော်ယမကာနယ်ပယ်တွင် ဝယ်လိုအား ကောင်းမွန်ကြောင်း Ronnarong၏ ပြောကြားချက်အရ သိရသည်။

Source: Vietnam Plus, 17 February 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News