အိန္ဒိယနိုင်ငံ၌ နောင်လာမည့် မိုးကြက်သွန်နီ ရိတ်သိမ်းထွက်ပေါ်ချိန်အထိ ကြက်သွန်နီ အရောင်းပြတ်လပ်မှုကို တွေ့ကြုံနိုင်ဖွယ်ရှိကြောင်း ကုန်သည်အသိုင်းအဝိုင်းက ပြောဆိုလျက်ရှိပါသည်။ ဆောင်းကြက်သွန်နီ ရိတ်သိမ်းရရှိမှုမှာ ၃ဝ ရာခိုင်နှုန်း ကျဆင်းခဲ့သဖြင့် ရာမာဒန်ဥပုသ်ကာလဖြစ်သော မတ်လအစောပိုင်းတွင် ကြက်သွန်နီဈေးနှုန်းများ မြင့်တက်မှုကို ကြုံတွေ့ရဖွယ်ရှိသည်။ ၂ဝ၂၃ ခုနှစ်အတွင်း မဟာရတ္ထ၊ ကာနာတာကာနှင့် အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ အခြားပြည်နယ်များစွာတွင် မုတ်သုံမိုးရွာသွန်းမှု ပုံပျက်ယွင်းပြီး မိုးရေချိန်ရရှိမှု လျော့နည်းခဲ့ရာ အဓိကသီးနှံများဖြစ်သည့် ပဲမျိုးစုံ၊ ကြံနှင့် ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်မှုအပေါ် ထိခိုက်မှုရှိခဲ့သည်။
ကြက်သွန်နီတင်ပို့သည့် ကုန်သည်များက ဗဟိုအစိုးရထံတင်ပြသော စာတစ်စောင်တွင် ပို့ကုန်ပမာဏကို သင့်လျော်သော နည်းလမ်းဖြင့် ထိန်းချုပ်မှုမရှိပဲ ကြက်သွန်နီတင်ပို့မှုကို ခွင့်ပြုပါက ရင်ဆိုင်လာရမည့် အကျိုးဆက်များစွာရှိကြောင်း သတိပေးဖော်ပြထားသည်။ ၁၉-၂-၂၀၂၄ နေ့၌ အစိုးရအရာရှိများနှင့် တွေ့ဆုံရာတွင် ကြက်သွန်နီတန်ချိန် ၃ဝဝဝဝဝ တင်ပို့ခွင့်ပြုခြင်းက မဟာရတ္ထပြည်နယ်၊ နာရှစ်ခရိုင်ရှိ ဈေးကွက်များ၌ တစ်ကီလိုဂရမ်လျှင် ရူပီး ၃၅-၄ဝ နှုန်းသို့ လည်းကောင်း၊ အခြားလက်လီဈေးကွက်များတွင် တစ်ကီလိုဂရမ်လျှင် ရူပီး ၅ဝ-၆ဝ နှုန်းအထိ လည်းကောင်း မြင့်တက်စေမည်ဟု ပို့ကုန်လုပ်ငန်းရှင်များက ပြောကြားခဲ့ကြသည်။
ရာမာဒန်ပွဲတော်ကြောင့် ဝယ်လိုအားတိုးတက်သည့်အပြင် ဈေးကွက်သို့ မိုးကြက်သွန်နီများ ဝင်ရောက်မှု လျော့နည်းခဲ့ပြီး ဆောင်းသီနှံရာသီမှ ကြက်သွန်နီအသစ် ထွက်ပေါ်မည့်အချိန်နှင့် ကွာဟလျက်ရှိခြင်းကြောင့် မတ်လအစပိုင်း၌ ကြက်သွန်နီ ဝယ်လိုအားနှင့် ဈေးနှုန်းများမြင့်တက်မည်ဟု ခန့်မှန်းရကြောင်း၊ မဟာရတ္ထနှင့် မဒ္ဒရာပရာဒေ့ရှ် ပြည်နယ်များ၌ ဆောင်းကြက်သွန်နီ စိုက်ပျိုးမှု လျော့ကျခဲ့ကြောင်း၊ မိုးကြက်သွန်နီမှာ ရှေ့လာမည့် ၁၅ ရက်အတွင်း ဈေးကွက်ဝင်ရောက်မှု ကျဆင်းလျက် လက်ကျန်ကုန်ဆုံးတော့မည့် အခြေအနေရှိကြောင်း၊ သီးနှံအသစ်မှာ မတ်လလယ် နောက်ပိုင်းခန့်မှသာ ဝင်ရောက်ဖွယ်ရှိပြီး ပိုလျှံမှုမရှိပဲ ယခင်နှစ်ထုတ်လုပ်နိုင်မှုအောက် လျော့နည်းနိုင်ကြောင်းဖြင့် ကြက်သွန်နီတင်ပို့သူများက ပြောကြားခဲ့ပါသည်။
အိန္ဒိယအစိုးရသည် ပြည်တွင်းဈေးနှုန်းမြင့်တက်မှုနှင့် ကုန်ပြတ်လပ်နိုင်မည့် အလားအလာ တို့ကို ထိန်းချုပ်နိုင်ရန် ကြက်သွန်နီတင်ပို့မှုကို ၂ဝ၂၃ ခုနှစ်ဒီဇင်ဘာလမှ ၂ဝ၂၄ ခုနှစ် မတ်လအထိ ပိတ်ပင်ခဲ့သည်။ ထိုသို့ ပိတ်ပင်မှုကြောင့် ကြက်သွန်နီဈေးနှုန်းများ ကျဆင်းခဲ့ရာ အဓိက စိုက်ပျိုးထုတ်လုပ်ရာ ဒေသဖြစ်သည့် မဟာရတ္ထပြည်နယ်တွင် လယ်သမားများက ဆန္ဒပြ ဖော်ထုတ်ခဲ့ကြပါသည်။
တင်ပို့မှုပိတ်ပင်ခဲ့သော်လည်း အချို့သောပို့ကုန် လုပ်ငန်းရှင်များသည် ကြက်သွန်နီကို ခရမ်းချဉ်သီး သို့မဟုတ် စပျစ်သီးအဖြစ် ကြေညာ၍ တင်ပို့ခဲ့ကြကြောင်း၊ ထိုသို့ ကုန်အမျိုးအမည် ပြောင်းလွှဲဖော်ပြ၍ တင်ပို့ခြင်းများကို အကောက်ခွန်ဌာနက စစ်ဆေးဖော်ထုတ်ခဲ့ကြောင်း၊ အစိုးရ အဖွဲ့ဝင်ဝန်ကြီးအချို့နှင့် အရာရှိကြီးများသည် ၁၈-၂-၂၀၂၄ နေ့တွင် ကြက်သွန်နီတင်ပို့မှု အခြေအနေကို ပြန်လည်သုံးသပ်လျက် တန်ချိန် ၃ သိန်းကို တင်ပို့ခွင့်ပြုရန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
အစိုးရအနေဖြင့် ကြက်သွန်နီများကို တင်ပို့ခွင့်ပြုရာတွင် ထိန်းကျောင်းမည့် အဖွဲ့အစည်းတစ်ခုကို တာဝန်ပေးအပ်ပြီး ချိန်ညှိဆောင်ရွက်ခြင်း၊ ပို့ကုန်ခွန်ကောက်ခံခြင်း၊ ဝယ်ယူသူများထံမှ ကုန်ဖိုးငွေ ကြိုတင်ပေးချေမှုကို မဖြစ်မနေလုပ်ဆောင်စေခြင်းနှင့် ပမာဏအလွန်နည်းပါးသည့် တန်ချိန် ၂၅ဝ-၃ဝဝ ခန့်ကို တင်ပို့မှုဖြစ်ပါက ကန့်ကွက်မှုမရှိကြောင်း အသိပြုလက်မှတ် ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ရန် ကုန်သည်များက အကြံပြုထားသည်။
ကမ္ဘာ့ဈေးကွက်တွင် ကြက်သွန်နီပြတ်လပ်မှု ကြီးမားစွာဖြစ်ပေါ်နေပြီး အိန္ဒိယ တစ်နိုင်ငံတည်းထံမှသာ ကြက်သွန်နီများကို ဝယ်ယူရရှိနိုင်ကြောင်း၊ ကြက်သွန်နီ၏ နိုင်ငံတကာဈေးနှုန်းများမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁ဝဝဝ မှ ၁၄ဝဝ အတွင်းဖြစ်ပေါ်နေချိန်၌ အိန္ဒိယဈေးကွက်တွင် တစ်တန်လျှင် ဒေါ်လာ ၃၅ဝ ဖြင့် ဝယ်ယူရရှိနိုင်ကြောင်း ကြက်သွန်နီတင်ပို့သူများက ပြောကြားခဲ့ကြသည်။
Source: Economic Times, 19 February 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
Source: https://www.doca.gov.mm