International News

အရှေ့အလယ်ပိုင်းအကျပ်အတည်းသည် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ကုန်သွယ်မှုအလားအလာကို ခြိမ်းခြောက်နေကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ သတိပေးထား

Last Updated:

    ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) က ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သော ကမ္ဘာ့ကုန်သွယ်မှုအလားအလာနှင့် စာရင်းအင်းများ အစီရင်ခံစာ (Global Trade Outlook and Statistics Report) အရ အရှေ့အလယ်ပိုင်းပဋိပက္ခများကြောင့် စွမ်းအင်စျေးနှုန်းများ မြင့်မားမှုသည် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ကုန်သွယ်မှုကို မျှော်လင့်ထားသည်ထက် ပိုမိုပြင်းထန်စွာ ထိခိုက်လာနိုင်ကြောင်း၊ ဒေသတွင်း တင်းမာမှုများ ဆက်လက်ဖြစ်ပွားနေပါက မြင့်တက်လာသော စွမ်းအင် ကုန်ကျစရိတ်များကြောင့် စားသောက်ကုန်၊ ခရီးသွားလာရေးနှင့် သယ်ယူပို့ဆောင်ရေးစသည့် ကုန်စည်နှင့် ဝန်ဆောင်မှုကဏ္ဍများတွင် အနှောင့်အယှက်များဖြစ်ကာ ကမ္ဘာ့ကုန်သွယ်မှုပမာဏကို လျှော့ချနိုင်ကြောင်း မီးမောင်းထိုးပြထားသည်။
   ယမန်နှစ်က AI အသုံးပြုထုတ်ကုန်များကြောင့် ကမ္ဘာ့ကုန်သွယ်မှု တိုးတက်ခဲ့သော်လည်း ယခုနှစ်တွင် နှေးကွေးသွားဖွယ်ရှိကြောင်း၊ အကယ်၍ ဆက်လက်တိုးတက်မည်ဆိုပါကလည်း ပြီးခဲ့သည့်နှစ်ထက် ၀.၅ % ကျဆင်းကာ ကမ္ဘာ့ကုန်သွယ်မှုတိုးတက်မှုသည် ၁.၉ % သာ ရှိမည်ဖြစ်ကြောင်း၊ AI  အသုံးပြုထုတ်ကုန် ကုန်သွယ်မှုဆက်လက်တိုးမြှင့်ပါက ၀.၅ % ကျဆင်းမှုရှိမည်မဟုတ်ကြောင်း၊ ပဋိပက္ခကြာရှည်နေပါက နိုင်ငံတကာသယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာမှုအပေါ် သက်ရောက်မှုကြောင့် ဝန်ဆောင်မှုကုန်သွယ်ရေးသည်  ၀.၇ % ကျဆင်းနိုင်ကြောင်း၊ အကယ်၍ ပဋိပက္ခသည် တိုတောင်းပြီး AI နှင့်ပတ်သက်သည့်ကုန်သွယ်မှု အားကောင်းနေပါက ၂၀၂၆ ခုနှစ် ကုန်သွယ်ရေးခန့်မှန်းချက်သည် ပြောင်းပြန်ဖြစ်နိုင်ကြောင်း သိရှိရသည်။

ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှုက ထောက်ပံ့ပို့ဆောင်ရေးကို လျှော့ချပြီး ဓာတ်မြေဩဇာဈေးများ တက်နိုင်
   ဟော်မုဇ်ရေလက်ကြားသည် အီရန်၊ ဘာရိန်း၊ ကာတာ၊ ဆော်ဒီအာရေဗျစသည့် ပင်လယ်ကွေ့ဒေသနိုင်ငံများမှ စွမ်းအင်နှင့် ယူရီးယား၊ အမိုးနီးယားအပါအဝင် ဓာတ်မြေသြဇာအမြောက်အမြားကို သယ်ယူပို့ဆောင်ရာနေရာဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိ ထောက်ပံ့မှု၏ သုံးပုံတစ်ပုံခန့်သည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာရာ ၎င်းကို ပိတ်ဆို့ခြင်းကြောင့် ရေနံစီးဆင်းမှုကို လျှော့ချရုံသာမက ဓာတ်မြေသြဇာကုန်ကျစရိတ်ကို မြှင့်တင်ပေးခြင်း၊ ယခင်ရှိပြီးသား ပို့ကုန်ကန့်သတ်ချက်များနှင့်အတူ စားသောက်ကုန်စနစ်အပေါ် ရိုက်ခတ်နိုင်ခြင်းတို့ကြောင့် ကမ္ဘာ့စီးပွားရေးတွင် ရေတိုနှင့် ရေရှည်အတွက် ဖိအားများ တိုးမြင့်လာသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ 
   WTO ညွှန်ကြားရေးမှူးချုပ် Ngozi Okonjo-Iweala က ယခုအစီရင်ခံစာတွင် နည်းပညာမြင့် ထုတ်ကုန်များကုန်သွယ်မှု၊ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ဝန်ဆောင်မှုများ၊ ထောက်ပံ့ရေးကွင်းဆက်များ၏ လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ခြင်း၊ အခွန်စည်းကြပ်မှုအပေါ် လက်တုံ့ပြန်ရန် ရှောင်ရှားခြင်းတို့ကို တွေ့မြင်ရကြောင်း၊ အရှေ့အလယ်ပိုင်းပဋိပက္ခများကြောင့် စွမ်းအင်စျေးနှုန်းများ ဆက်တိုက်မြင့်မားကာ စားနပ်ရိက္ခာဖူလုံမှုအတွက် စိန်ခေါ်မှုများ၊ စားသုံးသူများနှင့် စီးပွားရေး လုပ်ငန်းများအပေါ် ကုန်ကျစရိတ်များ တိုးလာနိုင်သည့် ဖိအားများရှိပါကြောင်း၊ သို့သော် WTO အဖွဲ့ဝင်များအနေဖြင့် ကုန်သွယ်မှုမူဝါဒများ ကြိုတင်ခန့်မှန်းနိုင်စေခြင်း၊ ထောက်ပံ့မှုကွင်းဆက် ခံနိုင်ရည်အား အားကောင်းစေခြင်းဖြင့် ကမ္ဘာတစ်ဝန်းရှိ လူများအပေါ် စီးပွားရေးဝန်ထုပ်ဝန်ပိုးကို လျော့ပါးသက်သာစေနိုင်ပါကြောင်း အစီရင်ခံစာကို ကိုးကား၍ ထပ်လောင်း ပြောကြားခဲ့သည်။
ရင်းမြစ်။ https://www.aa.com.tr/en/economy/
Source: https://commerce.gov.mm

Category: International News