Local News

နွေစပါးအများစုပေါ်ချိန် ဆန်စပါးစျေးနှုန်း ထပ်မံမြင့်တက်ပြီး စျေးကောင်းလျက်ရှိသော်လည်း ကုန်ကျစရိတ်နှင့် အထွက်နှုန်း ကျဆင်းမှုကြောင့် နွေစပါးစိုက်တောင်သူများ အကျိုးအမြတ်ရရှိမှုနည်းပါး

Last Updated:

      ပြည်တွင်း၌ နွေစပါးအများစုပေါ်ချိန် ဧပြီလကုန်ဝန်းကျင်တွင် ဆန်စပါးစျေးများ ထပ်မံမြင့်တက်ကာ စျေးကောင်းလျက်ရှိသော်လည်း ကုန်ကျစရိတ်နှင့် နွေစပါးအထွက်နှုန်း ကျဆင်းမှု များကြောင့် အကျိုးအမြတ်ရရှိမှု နည်းပါးနေသေးကြောင်း နွေစပါးစိုက်တောင်သူများနှင့် ဆန်စပါးပွဲရုံလုပ်ငန်းရှင်များထံမှ သိရသည်။

     သင်္ကြန်ပြီးနောက်ပိုင်း ဆန်စပါးစျေး မြင့်တက်လာသည့် အခြေအနေနှင့်ပတ်သက်ပြီး  “သင်္ကြန်ကာလမတိုင်ခင်ကထက် အခုက စျေးပိုကောင်းလာတာ ဟုတ်ပါတယ်။ ဘာကြောင့် တက်တယ်ဆိုတာတော့ ကျွန်တော်တို့လည်း မသိဘူး။ ရန်ကုန် ဘုရင့်နောင်ပွဲရုံတွေနဲ့ ၀ါးတန်းဘက်မှာတော့ တက်တယ်ပြောတာပဲ။ သုခဆန်ဆိုရင် တစ်အိတ်ကို ၆၀၀၀၀ ကနေ ၆၁၀၀၀ ပေါ့။ ဒါက ဆန်အနိမ့်ထဲကပေါ့။ အခြားအစတွေဆိုရင် ၆၃၀၀၀၊ ၆၅၀၀၀ အဲဒီလို အစားစားရှိတယ်။ ပေါ်ဆန်းဆိုရင် ကျွန်တော်တို့ မြောင်းမြထွက်တဲ့ပေါ်ဆန်းပေါ့။ အခုဆိုရင် ဆန်တစ်အိတ်ကို ကျပ် ၇၃၀၀၀၊ ၇၅၀၀၀ အဲဒီလောက်ရှိတယ်။ ရွှေဘိုပေါ်ဆန်း ဘေးကြားကတော့ တစ်အိတ်ကို ကျပ် ၁၀၀၀၀၀ ဝန်းကျင်လောက်အထိ အရောင်းအဝယ်ဖြစ်နေပါတယ်။ အခုက နယ်တွေမှာလည်း ဆန်စပါးပွဲ စားတွေ တအားများနေတယ်။ ဝယ်လိုအားများနေတာပေါ့။ နိုင်ငံခြား Export အတွက်လား။ ရန်ကုန်အတွက်ပဲလား။ လှောင်ထားဖို့ အတွက်လားတော့ ကျွန်တော်တို့လည်း မသိဘူး။ ကျွန်တော်တို့ကတော့ ရန်ကုန် ဘုရင့်နောင်ပွဲရုံတွေနဲ့ပဲ အရောင်းအဝယ်လုပ်ပါတယ်။ တခြားတော့မရောင်းဖြစ်ပါဘူး” ဟု ဧရာဝတီတိုင်းဒေသကြီးမှ ဆန်စက်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

      ဆန်စျေးနှုန်းမှာ ဧပြီ ၂၄ ရက်တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၁၀၀၀၀၀ မှ ကျပ် ၁၀၁၀၀၀၊ ဧရာမင်းအုပ်စုဝင် မဂျမ်းတော၊ ဝန်ကြီးဆန်တို့မှာ တစ်အိတ်လျှင် ကျပ် ၇၀၀၀၀ မှ ၇၃၀၀၀၊ သုခဆန်နှင့် ဖန်သီးသစ်တို့မှာ တစ်အိတ်လျှင် ကျပ် ၆၂၀၀၀ တို့ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ပေါ်ဆန်းဆန်များမှာ သင်္ကြန်မတိုင်ခင်က စျေးထက် ကျပ် ၈၀၀၀ မှ ကျပ် ၁၀၀၀၀ ဝန်းကျင်အထိလည်းကောင်း၊  ဧရာမင်းအုပ်စုဝင်ဆန်များမှာ ကျပ် ၅၀၀၀ မှ ၇၀၀၀ ဝန်းကျင်အထိလည်းကောင်း၊ သုခဆန်ကဲ့သို့ အနိမ့်ဆန်များမှာ ကျပ် ၃၀၀၀ မှ ၅၀၀၀ ဝန်းကျင်အထိ အသီးအသီး မြင့်တက်လာခြင်းဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးရှိ ဆန်ကုန်သည်တစ်ဦးထံမှ သိရသည်။

       ယခုနှစ် မိုးစပါး၊ နွေစပါးစိုက်ရာသီအပြီး ဆန်စပါးစျေးမှာ စျေးကောင်းလျက်ရှိပြီး နွေစပါးပေါ်ချိန်တွင်လည်း ဆန်စပါးစျေးထပ်မံမြင့်တက်လာကာ သင်္ကြန်အပြီး ဧပြီလကုန်ဝန်းကျင်တွင် အနိမ့်ဆုံးစပါးစျေးတင်း ၁၀၀ လျှင် ၁၆ သိန်းကျော်နှင့် အမြင့်ဆုံးစပါးစျေး ၂၉ သိန်းနှင့် သိန်း ၃၀ ဝန်းကျင်အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။ ထိုသို့ ဆန်စပါးစျေးကောင်း နေသော်လည်း နွေစပါးစိုက်တောင်သူများအတွက် အကျိုးအမြတ်ရရှိမှု နည်းပါးနေသေးကြောင်း တောင်သူများထံမှ သိရသည်။

     ပဲခူးတိုင်းဒေသကြီးမှ နွေစပါးစိုက်တောင် သူတစ်ဦးက “စပါးစျေးကလည်း ကောင်းပေးမှပဲ လယ်သမားက အသက်ရှူချောင်မှာပေါ့။ ဘာလို့ဆိုတော့ သွင်းအားစု မြေဆီတွေကပဲ တစ်အိတ်ကို တစ်သိန်းကျော်တွေအထိ ဖြစ်နေတာကိုး။ သွင်းအားစုဆိုတာကလည်း အနည်းဆုံး လယ်တစ်ဧကစာကို လေးအိတ်၊ ငါးအိတ်လောက်သုံးရတာလေ။ နောက်ပြီးတော့ ဒီဇယ်စျေးကလည်း တက်နေတော့ ခြွေရိတ်သိမ်းတွေဘာတွေမှာလည်း စရိတ်က ထောက်တာပေါ့။ စရိတ်ကြီးသွားတာပေါ့။ ဒီတော့ လယ်သမားတစ်ယောက်က နွေစပါးစိုက်ရင် တစ်ဧက စိုက်စရိတ်အရင်းတင် ၁၀ သိန်း နီးပါးလောက်ရှိတယ်။ အထွက်ကလည်း ဆုတ်တာကိုး။ အထွက်ကလည်း ဆုတ်တော့ ရက် ၉၀ စပါးမျိုးတို့ဘာတို့ဆိုရင် တစ်ဧကကို တင်း ၆၀ လောက် ပဲထွက်တာကိုး။ အဲဒီရက် ၉၀ စပါးစျေးက တင်း ၁၀၀ ကို ၁၆ သိန်းပဲထားဦး။ တစ်ဧကကို တင်း ၆၀ လောက်ပဲထွက်တော့ ၆၀ ရာခိုင်နှုန်းပေါ့။ ကိုးသိန်းခွဲကျော် ၁၀ သိန်း နားလောက်ပဲရကြတာကိုး။ နွေစပါးက ခုနက ကျွန်တော်ပြောသလို သွင်းအားစုဘာညာ၊ ဒီဇယ်ဆီဖိုးတွေနဲ့ တစ်ဧက ၁၀ သိန်းလောက် ကုန်နေတဲ့အချိန်မှာ တစ်ဧကကို တင်း ၆၀ လောက်ပဲ ထွက်တဲ့တောင်သူက သေပြီလေ။ တစ်ဧက တင်း ၁၀၀ ဝန်းကျင်လောက်ကိုထွက်ဦးမှ သူက နွေစပါးတစ်ရာသီစာကို ငါးသိန်း ခြောက်သိန်းလောက်ပဲ အကျိုးအမြတ်ရှိတာပါ။ ဒါက တစ်ဧကအထွက်နှုန်းကောင်းဦးမှ ကျန်တာနော်။ အခုက စပါးတွေက အထွက်နှုန်းတွေကျတော့ သိပ်ကျန်လှတယ် မဟုတ်ဘူးပေါ့။ အဲဒီစျေးထက်ကို အောက်ရောက်သွားရင်တော့ လယ်သမားတွေလည်း သေပြီ။ပက်လက်လန်ပြီ။ အခုလောက် စပါးစျေးဖြစ်မှပဲ လယ်သမားက အသက်ရှူချောင်မှာလေ” ဟု ပြောကြားသည်။

     ယခုနှစ်နွေစပါးစိုက်ရာသီတွင် အချို့တောင်သူများအနေဖြင့် နွေစပါးစိုက်ပျိုးပြီးသော်လည်း ရေတင်စရိတ်၊ သွင်းအားစုစရိတ်များ မတတ်နိုင်သဖြင့် ဆက်မလုပ်နိုင်ဘဲ လက်လွှတ်ရသည် များရှိကြောင်း၊ တချို့တောင်သူများမှာလည်း သွင်းအားစုပြည့်ပြည့်ဝဝမထည့်သွင်းနိုင်ဘဲ နိုင်သလောက်သာ ထည့်သွင်းကြသဖြင့် စပါးအထွက်နှုန်းကျဆင်းခြင်းများရှိကြောင်း၊ အထွေထွေ ကုန်ကျစရိတ်များအပြင် ခရုကိုက်ခြင်း၊ စပါးဖျက်ပိုးများ ကျရောက်ခြင်းတို့ကြောင့် နွေစပါးများထိခိုက်၍ စပါးအထွက်နှုန်းကျဆင်းခြင်းများရှိကြောင်း၊ နွေစပါးစိုက်ပျိုးစရိတ်မှာ ကုန်ကျစရိတ် များပြားပြီး လုပ်ငန်းအဆင့်များပြားဖြင့် မိုးစပါးစိုက်တောင်သူများ၏ ထက်ဝက်ခန့်သာ နွေစပါးစိုက်ပျိုးကြကြောင်း၊ ယခုကာလ နွေစပါးတစ်ဧကစိုက်ပျိုးလျှင် မျိုးဖိုးမှစ၍ ရိတ်သိမ်း ခြွေလှေ့ပြီးသည်အထိ တစ်ဧကစိုက်ပျိုးကုန်ကျစရိတ်မှာ ကျပ်ရှစ်သိန်းဝန်းကျင်မှ ကျပ် ၁၀ သိန်းဝန်းကျင်အထိကုန်ကျကြောင်း နွေစပါးစိုက်ပျိုးကြသော တောင်သူများပြောကြားချက်အရ သိရသည်။

Source: https://news-eleven.com

Category: Local News