International News

‌နီပေါနိုင်ငံမှ လျှပ်စစ်ဓာတ်အား အန္ဒိယနိုင်ငံမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တင်သွင်းမည်

Last Updated:

          ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် နီပေါနိုင်ငံတို့သည် အိန္ဒိယနိုင်ငံဓာတ်အားလိုင်းများတစ်လျှောက် ဓာတ်အားခွဲဝေသုံးစွဲခွင့်ပြုမည့် သဘောတူညီချက်ကို မကြာမီ အပြီးသတ်နိုင်မည်ဟု မျှော်လင့်ရသည်။ တောင်အာရှ လျှပ်စစ်ဓာတ်အား ရောင်းဝယ်ရေးသဘောတူညီချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အိန္ဒိယနိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုင်းမှတစ်ဆင့် နီပေါနိုင်ငံမှ ရေအားလျှပ်စစ် တင်သွင်းခွင့် ရရှိမည်ဖြစ်သည်။
          ဘင်္ဂလားဒေ့ရှ်နိုင်ငံ စွမ်းအင်၊ စွမ်းအင်နှင့် သတ္တုအရင်းအမြစ် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၏ အဆိုအရ  ဗို့အားမြင့် ဓာတ်အားလိုင်းအသုံးပြုမှုနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နီပေါနိုင်ငံတို့မှ အာဏာပိုင်များသည် အိန္ဒိယနိုင်ငံနှင့် မကြာသေးမီက သဘောတူညီချက်တစ်ရပ်ကို အပြီးသတ်နိုင်ခဲ့ပြီးသည့်နောက်တွင် အဆိုပြုထားသော သုံးပွင့်ဆိုင် သဘောတူစာချုပ်ကို လာမည့် တစ်လနှစ်လအတွင်း လက်မှတ်ရေးထိုးနိုင်မည်ဟု မျှော်လင့်ရကြောင်း Nikkei Asia မီဒီယာက သတင်းဖော်ပြသည်။
          အိန္ဒိယ ဝန်ကြီးချုပ် နရန်ဒရာ မိုဒ္က  နီပေါနိုင်ငံသို့ အလည်အပတ် ခရီးစဉ်တွင် နီပေါနိုင်ငံ ဝန်ကြီးချုပ် Pushpa Kamal Dahal အား အိန္ဒိယနိုင်ငံသည် ဒေသတွင်း စွမ်းအင်ချိတ်ဆက်မှု ပိုမိုအားကောင်းလာစေရန်အတွက်အိန္ဒိယနိုင်ငံဓာတ်အားလိုင်းကို အသုံးပြုခွင့်ပြုမည်ဖြစ်ကြောင်း ဇွန်လ ၁ ရက်တွင် ပြောကြားခဲ့သည်။ လောင်စာဆီ တင်သွင်းမှုကို အခက်ကြုံစေသည့် နိုင်ငံခြားငွေ အကျပ်အတည်းကြားတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် မကြာခဏ မီးပျက်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် နီပေါနိုင်ငံထံမှ ဓာတ်အားရရှိပါက အသက်ရှူချောင်သွားမည် ဖြစ်သည်။
          နီပေါနိုင်ငံသည် မိုးရာသီတွင် နိုင်ငံအတွက် လိုအပ်သည်ထက် ရေအားလျှပ်စစ် ၃၀% နီးပါး ပိုထုတ်နိုင်သည်။ ပိုလျှံနေသည့် ဓာတ်အားကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထံသို့ တင်ပို့ရောင်းချလိုသည်မှာ အချိန်ကြာမြင့်စွာကတည်းက ဖြစ်သည်။ "အားလုံးအဆင်ပြေရင်၊ သုံးပွင့်ဆိုင်သဘောတူညီချက်ကို ဇူလိုင်လ တတိယပတ်မှာ လက်မှတ်ရေးထိုးနိုင်ဖွယ် ရှိပါတယ်" ဟု နီပေါနိုင်ငံ၏ စွမ်းအင်အတွင်းရေးမှူး Dinesh Kumar Ghimire က ပြောကြားသည်။
          “အစပိုင်းမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၅၀ ပဲ တင်ပို့ဖို့ စီစဉ်ထားပေမဲ့ တစ်နှစ်အတွင်း ၅၀၀ မဂ္ဂါဝပ် တင်ပို့ဖို့ စာချုပ်တွေ ချုပ်ဆိုထားပါတယ်” ဟု ၎င်းက ဆိုသည်။ အာရှဖွံ့ဖြိုးရေးဘဏ်မှ ရန်ပုံငွေဒေါ်လာ ၁၉၃ သန်း ထောက်ပံ့ထားသည့် ဓာတ်အားလိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်ဘက်ခြမ်းရှိ Bheramara ရှိ လျှပ်စစ်ဓာတ်အားလိုင်းနှင့် အိန္ဒိယနိုင်ငံ Baharampur ရှိ အရှေ့ဘက်ဓာတ်အားလိုင်းတို့ကို  ချိတ်ဆက်ပေးထားသည်။
          လက်ရှိ ဗို့အားမြင့် အိန္ဒိယလိုင်းကို အသုံးပြုခြင်းအပြင် နီပေါနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် အိန္ဒိယနိုင်ငံကိုဖြတ်၍ သီးခြားလိုင်းတစ်ခုကို သွယ်တန်းရန် စဉ်းစားသုံးသပ်နေကြသည်။ နီပေါနိုင်ငံသည် ဓာတ်အား ထုတ်လုပ်မှု  ၂,၆၀၀ မဂ္ဂါဝပ် ဝန်းကျင်ရှိပြီး ၉၇% ကျော်ကို ရေအားလျှပ်စစ်မှ ထုတ်လုပ်ပါသည်။ လက်ရှိတွင် အိန္ဒိယနိုင်ငံသို့ လျှပ်စစ်ဓာတ်အား ၄၅၀ မဂ္ဂါဝပ်ခန့် တင်ပို့လျက်ရှိသည်။

Source: https://www.industrialdirectory.com.mm

Category: International News