International News

ထိုင်းနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ဆန်မျိုးကွဲ ၃၀ ရောင်းချမည်

Last Updated:

          ထိုင်းနိုင်ငံသည် ပို့ကုန်ဆန်များအတွက် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန် လုပ်ဆောင်နေပြီး စျေးကွက်မှ လိုလားချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စပါးမျိုးသစ်များ စိုက်ပျိုးထုတ်လုပ်နိုင်စေဖို့ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Jurin Laksanawisit က ထိုင်းနိုင်ငံ၏ အားနည်းချက်တစ်ခုမှာ ကမ္ဘာ့ဆန်ဈေးကွက်တွင် ဆန်အမျိုးအမည် အမျိုးမျိုးဖြင့် ရောင်းချနိုင်ဖို့ လိုအပ်နေခြင်း ဖြစ်သည်ဟု ပြောကြားသည်။ ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ရန် ဆန်မျိုးကွဲအသစ်များ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်လုပ်ဆောင်ရန် တွန်းအားပေး ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောကြားသည်။

          ဝန်ကြီးဌာနသည် ပို့ကုန်ဆန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်အတွက် ၂၀၂၀ မှ ၂၀၂၄ ခုနှစ်အထိ ငါးနှစ်စီမံကိန်းအရ ၂၀၂၄ ခုနှစ်တွင် စီးပွားဖြစ်ဆန်သစ် ၁၂ မျိုး ဖွံ့ဖြိုးထုတ်လုပ်ရန် အစောပိုင်းက ရည်မှန်းထားသည်။ မျိုးကွဲ ၁၂ မျိုးတွင် ၄ မျိုးမှာ ဆန်သားမာသည်။ နောက်ထပ် ၄ မျိုးသည် ဆန်သားပျော့သည်။ ဆန်မွှေုး ၂ မျိုးနှင့် အဟာရပါဝင်မှု မြင့်မားသည့်ဆန် ၂ မျိုးတို့ ပါဝင်သည်။ ကမ္ဘာ့ဆန်စားသုံးသူများအကြား လူကြိုက်များမည့် ဆန်အမျိုးအစားများ ဖြစ်သည်။ ၅ နှစ်စီမံကိန်းအရ ယခုအခါ ဆန် အမျိုးအစားအသစ် ၂၁ မျိုး ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ 

          Mr Jurin ၏ အဆိုအရ ထိုင်းနိုင်ငံသည် ယမန်နှစ်တွင် ဆန်တန်ချိန် ၇ ဒသမ ၇ သန်း တင်ပို့ခဲ့သည်။  ယခုနှစ်တွင် တင်ပို့မှုပမာဏမှာ တန်ချိန် ၈ သန်းကျော်ရှိမည်ဟု မျှော်မှန်းထား သည်။ ဆန်စပါးမျိုးကွဲများ တိုးမြင့်လာခြင်းက ပို့ကုန်စွမ်းဆောင်ရည် တိုးတက်လာအောင် ကျေးဇူးပြုပေးမည်ဖြစ်သည်။   ယမန်နှစ်က  ထိုင်းနိုင်ငံသည်  ဗီယက်နမ်နိုင်ငံကို  ကျော်တက်ပြီး  ကမ္္္ဘ့ဒုတိယအများဆုံး ဆန်တင်ပို့သည့် နိုင်ငံဖြစ်လာခဲ့သည်။ ယခုနှစ်တွင် ဗီယက်နမ်နိုင်ငံက ဆန်တင်ပို့မှု လျှော့ချသွားမည့် မူဝါဒကို အကောင်အထည် ဖော်လျက်ရှိရာ ထိုင်းနိုင်ငံသည်  ကမ္ဘာ့ဒုတိယအများဆုံး ဆန်တင်ပို့သည့် နိုင်ငံအဖြစ်ကို ထပ်မံရရှိနိုင်သည်။ ယခုနှစ် ပထမခြောက်လအတွင်း ထိုင်းနိုင်ငံမှ ဆန်တန်ချိန် ၄ သန်း တင်ပို့ခဲ့သည်။ ဒုတိယနှစ်ဝက်တွင်လည်း ဆန်တန်ချိန် ၄ သန်း တင်ပို့နိုင်မည်ဟု မျှော်မှန်းထားသည်။

Source: https://www.foodindustrydirectory.com.mm

Category: International News