Local News

ပင်းတယမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်လျက်ရှိ

Last Updated:

     ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၌ ယခုနှစ် မိုးရာသီကာလအတွင်း စိုက်ပျိုးသည့် မိုးသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။ ပင်းတယမြို့နယ်၌ မြို့ပေါ်ရပ်ကွက် ၁၃ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၇ အုပ်စု၊ ကျေးရွာပေါင်း ၁၃၅ ရွာရှိ ဓနုတိုင်းရင်းသား၊ တောင်ရိုးတိုင်းရင်းသား၊ ပအိုဝ်း တိုင်းရင်းသား၊ ပလောင်တိုင်းရင်းသား၊ ရှမ်းတိုင်းရင်းသားများ စသော ဒေသခံပြည်သူများ၏ မိရိုးဖလာတောင်ယာစပါးစိုက်ခင်းများ၊ လက်ဖက်ခြံများ၊ ကော်ဖီခြံများ၊ ရာသီအလိုက် သစ်သီးဝလံဥယျာဉ်ခြံများနှင့် မိုးသီးနှံများဖြစ်သော  မိုးစပါး၊  မြေပဲနှင့်ပဲအမျိုးမျိုး၊   ခရမ်းချဉ်များနှင့်အတူ မိုးရာသီကာလတွင် အဓိကစိုက်ပျိုးကြသည့် ပန်းဂေါ်ဖီနှင့် ဂေါ်ဖီထုပ်စိုက်ခင်း များ  ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။

     အဆိုပါ မိုးသီးနှံများအား  ဒေသခံပြည်သူများက ဆွတ်ခူးရောင်းချမှုတွင် ခရမ်းချဉ်သီးတစ်ပိဿာလျှင် ငွေကျပ် ၁၀၀၀ မှ ၁၁၀၀၊ ပန်းဂေါ်ဖီနှင့် ဂေါ်ဖီထုပ် တစ်ထုပ်လျှင် ငွေကျပ်  ၅၀၀  မှ ၈၀၀ အထိ ဈေးရရှိကြောင်း၊ ဂေါ်ဖီထုပ်များကို ခြံပြတ်စနစ်ဖြင့်လည်းကောင်း၊ အထုပ်စနစ်ဖြင့်လည်းကောင်း ပွဲစားများလာရောက်ဝယ်ယူကြပြီး  နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မြဝတီ၊ မြစ်ကြီးနား၊ မုံရွာ၊ မကွေး၊ မြင်းခြံ၊ အောင်ပန်း စသည့်မြို့များသို့  တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

Source: https://www.myawady.net.mm

Category: Local News