Local News

ကျောက်ပန်းတောင်းမြို့နယ်၌ ခရမ်းချဉ်သီးဈေးကောင်း ရရှိလာသဖြင့် ခရမ်းချဉ်စိုက်ပျိုးသူများ အဆင်ပြေ

Last Updated:

     မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ ခရမ်းချဉ်သီးဈေးကောင်းရရှိလာသဖြင့် ခရမ်းချဉ်သီးလှိုင်လှိုင်ပေါ်ချိန်တွင်  ခရမ်းချဉ်စိုက်ပျိုးသူများ  အဆင်ပြေနေကြောင်း မုန့်ကုန်းကျေးရွာမှ ခရမ်းချဉ်စိုက်ပျိုးသူ ဦးမင်းညို၏ ပြောဆိုချက်အရ သိရသည်။ ကျောက်ပန်းတောင်းမြို့နယ်မှ ခရမ်းချဉ်စိုက်ပျိုးသည့် ကျေးရွာများဖြစ်သော လဲဂွကျေးရွာ၊  လက်ပံအိုင့်ကျေးရွာ၊ ညောင်ဖြူပင်ကျေးရွာ၊ မုန့်ကုန်းကျေးရွာနှင့် ညောင်ချိုင်းကျေးရွာတို့၌ မြေအောက်ရေကိုအသုံးပြု၍ ခရမ်းချဉ်စိုက်ပျိုးကြပြီး ခရမ်းချဉ်သီးလှိုင်လှိုင်ပေါ်ချိန်တွင် တစ်ပိဿာလျှင် ငွေကျပ် ၂၂၀၀ ခန့်ရရှိခြင်းကြောင့် ခရမ်းချဉ်စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိသည်။

     ခရမ်းချဉ်စိုက်ပျိုးရာတွင် စပ်မျိုးခရမ်းချဉ်များဖြစ်သည့် တိုင်ထောင်ခရမ်းချဉ်၊ ငုတ်တုတ်ခရမ်းချဉ်နှင့် နွယ်ခရမ်းချဉ်မျိုးများကို ရွေးချယ်စိုက်ပျိုးကြကြောင်း၊ စတင်ပျိုးထောင်ချိန်တွင်   ပျိုးအိတ်တစ်အိတ်လျှင် ခရမ်းချဉ်စေ့တစ်စေ့ နှုန်းထည့်ကာ ပျိုးထောင်ကြပြီး ရက်ပေါင်း ၂၀ ခန့်ကြာလျှင် ခရမ်းချဉ်စိုက်ပျိုးမည့် စိုက်ခင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး တစ်လခန့်ကြာလျှင် စတင်အပွင့်ပွင့်၍ အသီးများသီးကြောင်းနှင့် ခရမ်းချဉ်သီးများ ရင့်မှည့်လာလျှင် စတင်ဆွတ်ခူးရကြောင်း သိရသည်။                  

Source: https://www.myawady.net.mm

Category: Local News