Local News

ဝယ်လိုအားကောင်းနေဆဲမတ်ပဲ

Last Updated:

ယခုသီတင်းပတ်အတွင်း ဧရာဝတီတိုင်းဒေသကြီးအတွင်း မတ်ပဲဈေးနှုန်းများ အတက်အကျ ပြောင်းလဲမှုအနည်း ငယ်သာရှိပြီး ဈေးတန်းတစ်ခုတွင် တည်ငြိမ်နေကြောင်းတွေ့ရသည်။

တစ်ပတ်အတွင်း နေ့စဉ်ဖြစ်ပေါ်ခဲ့သော မတ်ပဲဈေးနှုန်းများမှာ ဇူလိုင်လ ၁၇ ရက်နေ့တွင် မတ်ပဲတစ်တင်းဈေး ကျပ် ၇၃၅၀၀၊ ၁၈ ရက်နေ့တွင် ကျပ် ၇၄၀၀၀၊ ၁၉ ရက်နေ့တွင် ကျပ် ၇၄၂၀၀၊ ၂၀ ရက်နေ့တွင် ကျပ် ၇၃၈၀၀၊ ၂၁ ရက် နေ့တွင် ၇၃၅၀၀၊ ၂၂ ရက်နေ့တွင် ကျပ် ၇၃၀၀၀ အသီးသီး ဖြစ်ခဲ့ပါသည်။

အဓိကဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံတွင် မိုးရေလုံလောက်စွာမရရှိမှုကြောင့် ပဲစိုက်ပျိုး ဧရိယာများကျဆင်းခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမ ၆ လပတ်အတွင်း ယခင်နှစ်ကာလတူ နှိုင်းယှဉ်ချက်အရ ပဲပိုမိုတင်သွင်းခဲ့ရကြောင်း သိရှိရသည်။ ယခုဘဏ္ဍာနှစ်အတွင်း ဇွန်လအထိ မြန်မာမတ်ပဲ တန်ချိန် ၄ သိန် နှင့် ၄ သိန်းခွဲကြား၊ ပဲစဉ်းငုံတန်ချိန် ၅ သောင်း တင်သွင်းခဲ့ပြီး ဖြစ်ကြောင်းသိရသည်။

ဇူလိုင်လ ၁၈ ရက်နေ့တွင်လည်း မတ်ပဲနှင့် ပဲစဉ်းငုံ ကွန်တိန် ၃၁၀ လုံးပါဝင်သော သင်္ဘော ၁ စီး အိန္ဒိယသို့ ထွက်ခွာ ခဲ့ပြီး ဩဂုတ်လ ၂ ရက်နေ့ နှင့် ၇ ရက်နေ့တွင်လည်း အလားတူ ပဲတင် သင်္ဘောများ ထွက်ခွာရန်ရှိနေကြောင်း သိရှိရသည်။

မြန်မာမတ်ပဲ CNF ဈေးနှုန်း ၁ တန်လျှင် ၉၄၀ ဒေါ်လာနှင့် ပဲစဉ်းငုံ CNF ဈေးနှုန်း ၁၂၅၀ ဒေါ်လာဖြစ်ပြီး ပြည်တွင်း မတ်ပဲဈေးနှုန်းအတက်အကျမှာမူ မြန်မာငွေကြေးဈေးနှုန်း အတက်အကျပေါ်တွင် အဓိကမူတည်နေကြောင်း တွေ့ရှိရသည်။

ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News