Local News

တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံသို့ ဇွန်လနှင့် ဇူလိုင်လဒုတိယအပတ်အတွင်း ဆေးရွက်ကြီးတန်ချိန် ၆၄ ဒသမ ၀၇၃ တန် တင်ပို့ရောင်းချခဲ့

Last Updated:

     တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ဇွန်လနှင့် ဇူလိုင်လ ဒုတိယပတ်အတွင်း ဆေးရွက်ကြီး ၆၄ ဒဿမ ၀၇၃ တန် တင်ပို့ရောင်းချပေးမှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၃၀ သန်း ရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သတင်းများအရ သိရသည်။ ဆေးရွက်ကြီးကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသနှင့် အပူပိုင်းမိုးနည်းဒေသများဖြစ်သည့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဘေးရှိ မြစ်ရေဝင်သော ကိုင်းကျွန်းမြေနုများတွင် ဒေသစီးပွားရေးလုပ်ငန်းအဖြစ် အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။

    မြန်မာနိုင်ငံတွင် ဗာဂျီးနီးယားခေါ် ကုလားဆေးရွက်ကြီးနှင့်မြန်မာဆေးရွက်ကြီး အမျိုးအစားများရှိသည့်အနက် မြန်မာဆေးရွက်ကြီးကို အများဆုံးစိုက်ပျိုးကြခြင်းဖြစ်သည်။ အဆိုပါ ဆေးရွက်ကြီးများကို ပြည်တွင်းသုံးစွဲမှုအတွက် ဖြန့်ဖြူးရောင်းချပေးနေသကဲ့သို့ ပြည်ပသို့လည်း တင်ပို့ရောင်းချပေးမှုများရှိနေကြောင်း ဆေးရွက်ကြီးများကို ယခင်က ပြည်ပတင်ပို့ရောင်းချမှု မရှိခဲ့သော်လည်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှစတင်ကာ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းမိုးနည်း ဒေသမျာမှ ထွက်ရှိသည့် ဆေးရွက်ကြီးများကို တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ပို့ကုန်အမည်သစ်အဖြစ် တင်ပို့ရောင်းချပေးခဲ့ရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဆေးရွက်ကြီးတန်ချိန် ၁၃၉ ဒသမ ၀၅၄ တန်ထိ တင်ပို့ရောင်းချပေးခဲ့ရသဖြင့် အမေရိကန်ဒေါ်လာ သုည ဒသမ ၀၇ သန်းထိ ရရှိခဲ့ကြောင်း သိရသည်။

    ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဧပြီ၊ မေလများတွင် ဆေးရွက်ကြီးတင်ပို့ရောင်းချပေးမှုမရှိ ခဲ့တဲ့ ယခုနှစ် ဇွန်လမှ စတင်တင်ပို့ရောင်းချပေးခဲ့ရာ ဇွန်လတွင် ဆေးရွက်ကြီးတန်ချိန် ၃၂ ဒသမ ၈၇၃ တန်တင်ပို့ရောင်းချပေးခဲ့ရသဖြင့် အမေရိကန်ဒေါ်လာ သုည ဒသမ ၀၁၆ သန်းရရှိခဲ့ ကြောင်း၊ ယခု ဇူလိုင်လတွင်လည်း ဇူလိုင်လ ဒုတိယပတ်အတွင်း ဆေးရွက်ကြီး ၃၁ ဒသမ ၂ တန် တင်ပို့ရောင်းချပေးခဲ့ပြီး အမေရိကန်ဒေါ်လာ သုည ဒသမ ၀၁၅ သန်း စုစုပေါင်း ဆေးရွက်ကြီး ၆၄ ဒသမ ၀၇၃ တန် ရောင်းချပေးခဲ့ရာ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၃၁ သန်း ရရှိခဲ့ကြောင်း သိရသည်။

      ရာသီဥတု၊ မြေအနေအထားနှင့် သွင်းအားစုသုံးစွဲပုံမတူညီသဖြင့် ဆေးရွက်ကြီး တစ်ဧက လျှင် ပိဿာ ၇၀၀ မှ ၉၀၀ ထွက်ရှိခဲ့ပြီး ယခုနှစ်တွင် ရာသီဥတုကောင်းမွန်မှုကြောင့် တစ်ဧက လျှင် ပိဿာ ၁၀၀၀ မှ ၁၅၀၀ ထိ ထွက်ရှိနေပြီး ပြည်တွင်းဈေးကွက်များတွင် ယခင်နှစ်တွင် တစ်ပိဿာလျှင် ငွေကျပ် ၇၀၀ မှ ၂၀၀၀ ရှိခဲ့ပြီး ယခုနှစ်တွင် ငွေကျပ် ၉၀၀ မှ ၃၀၀၀ ပေါက်ဈေး ရှိနေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News