Local News

ကျိုက်မ‌‌ရောဒေသထွက် ရော်ဘာပြားများ အရည်အသွေးကောင်းမွန်၍ တရုတ်နိုင်ငံနှင့် မလေးရှားနိုင်ငံတို့သို့ တင်ပို့လျက်ရှိ

Last Updated:

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် စိုက်ပျိုးရေးကိုအခြေခံသော စီးပွားရေးထုတ်ကုန်တစ်ခုဖြစ်သည့် ရော်ဘာပြားများကို စက်မှုကုန်ချောထုတ်ကုန်များထုတ်လုပ်ပြီး ဒေသစီးပွားရေး အထောက်အကူပြုနေသည့် သန့်စင်ပြီးရော်ဘာပြားများကို အရည်အသွေး ကောင်းမွန်သဖြင့် တရုတ်နိုင်ငံနှင့် မလေးရှားနိုင်ငံတို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

ကျိုက်မရောမြိုနယ်၌ အသေးစား၊ အငယ်စား၊ အလတ်စား(MSME) ရော်ဘာလုပ်ငန်းကို အဓိက လုပ်ကိုင်သူများအနက် ရာပြည့်ရော်ဘာရောင်းဝယ်ရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဦးဇော်ထူးက ရော်ဘာရောင်းဝယ်ရေးလုပ်ငန်းကို ၂၀၂၀ ပြည့်နှစ်က စတင်လုပ်ကိုင်ခဲ့ပြီး မုဒုံ၊ ပိန်းနဲကုန်း၊ ကျိုက်မ‌ရောစသည့်နေရာသုံးခုတွင် ရော်ဘာရောင်းဝယ်ရေးလုပ်ငန်း ဒိုင်များဖွင့်လှစ်ထားပြီး ဒေသထွက် ရော်ဘာကုန်ကြမ်းများကို ဝယ်ယူဖြန့်ဖြူးနေကြောင်း၊ ယခုနှစ်တွင် ရော်ဘာဈေးကွက်မှာ ယခင်နှစ်ကထက်ပိုမိုမြှင့်တက်လာသဖြင့် ဒေသထွက်ရော်ဘာပြားများ ဝယ်လိုအားကောင်း၍ ဈေးကောင်းရကာ သန့်စင်ပြီး ရော်ဘာတစ်ပြားလျှင် ငွေကျပ် ၆၀၀၀ မှ ၇၀၀၀ အထိရကြောင်း၊ ပေါင်နှင့်ဆိုင်လျှင် တစ်ပေါင်ကို ငွေကျပ် ၁၈၀၀ ခန့်ရရှိကြောင်း ပြောကြားသည်။

အဆိုပါ ရော်ဘားပြားများကို ဖြန့်ချိမှုအနေဖြင့် ရန်ကုန်မြို့ရှိ ဒိုင်များသို့ တင်ပို့ရောင်းချပြီး ကုန်သည်များမှာယူသည့် ရော်ဘာပေါင်ချိန်အတိုင်း ထုပ်ပိုးရောင်းချခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၎င်းတို့မှတစ်ဆင့် တရုတ်နိုင်ငံနှင့် မလေးရှားနိုင်ငံတို့သို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း ရာပြည့်ရော်ဘာရောင်းဝယ်ရေးလုပ်ငန်းမှလုပ်ငန်းရှင် ဦးဇော်ထူး၏ ပြောပြချက်အရ သိရသည်။

ကျိုက်မရောမြို့နယ်အတွင်းရှိ ရော်ဘာခြံငယ်များမှ ထွက်ရှိသည့် အရည်အသွေးစံချိန်မီ ရော်ဘာပြားများကိုအခြေခံပြီး လူသုံးကုန်ပစ္စည်း ကုန်ချောထုတ်လုပ်နိုင်ပါက စီးပွားရေးပိုမိုမြင့်မားကာ ရော်ဘာအခြေခံ(MSME) လုပ်ငန်းကဏ္ဍ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင် သိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

Category: Local News