Local News

နှစ်ကူးအကြိုကာလတွင် ဖရဲ၊ သခွားမွှေး သစ်သီးဈေးကွက်ကောင်းလာနိုင်

Last Updated:

ရွှေမန်း

တရုတ်နိုင်ငံမှ ဝယ်လိုအားနည်းသွားခြင်းကြောင့် နယ်စပ်တွင် မြန်မာ ဖရဲ၊ သခွားမွှေး သစ်သီး ဈေးနှုန်းများကျဆင်းသော်လည်း နှစ်သစ်ကူးချိန်တွင် ဈေးနှုန်းများ ပြန်လည်မြင့်တက်လာနိုင်ကြောင်း ကုန်သည်များထံက သိရသည်။ တရုတ်နိုင်ငံသည် နယ်စပ်ကုန်သွယ်ရေးဖြင့် မြန်မာနိုင်ငံမှ ဖရဲ၊ သခွား သစ်သီးများကို ပွင့်လင်းရာသီတွင် နေ့စဉ်တန်ချိန် ထောင်ချီတင်သွင်းနေသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ယခုနှစ်တွင် မူဆယ်နှင့် ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်နေခြင်းကြောင့် မိုင်းလားနယ်စပ်မှတစ်ဆင့် မြန်မာ့သစ်သီးများကို တင်ပို့နေရခြင်းဖြစ်သည်။

ခရီးလမ်းကြောင်း ရှည်ကြာပြီး ကုန်ကျစရိတ်များသော်လည်း စိုက်ပျိုးသူတောင်သူများ၏ ရင်းနှီးမြှုပ်နှံမှုများ ဆုံးရှုံးမခံနိုင်ခြင်းကြောင့် လမ်းကြောင်းသစ်များ ရှာဖွေတင်ပို့နေသော်လည်း ရာသီဥတု အတားအဆီးက သစ်သီးအရည်အသွေးပိုင်းကို ထိခိုက်နေကြောင်း အသီးကုန်သည်များက ပြောသည်။

ယခင်က ပွင့်လင်းရာသီချိန်တွင် နယ်စပ်ကုန်သွယ်ရေးဖြင့် တရုတ်နိုင်ငံသို့ ဖရဲ၊ သခွား တင်ပို့ ရောင်းချမှုက ၁၂ ဘီးကား အစီး ရေ ၅၀၀-၆၀၀ ဝန်းကျင်အထိ ရှိတယ်လို့ ကုန်သည်အချို့က ပြောတယ်။ လက်ရှိ မိုင်းလားနယ်စပ်သို့ ဖရဲကားအစီး ၅၀၊ သခွားမွှေး ကား ၁၀ စီး ကျော်သာ တင်ပို့နိုင်သေးကြောင်း ကုန်သည်တွေထံက သိရသည်။

မြန်မာပြည်အလယ်ပိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်တို့ အပါအဝင် ဒေသအချို့မှ ဖရဲ၊ သခွားမွှေးကို စိုက်ပျိုးပြီး ပြည်တွင်းစားသုံးမှုအနည်းငယ်နှင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးဖြင့် ပြည်ပတင်ပို့မှု အနည်းငယ်ရှိခဲ့သော်လည်း အများစုကို နယ်စပ်ကုန်သွယ်ရေးဖြင့် တရုတ်နိုင်ငံသို့ ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။

Source: မကွေးဂျာနယ်

Category: Local News